Buddha FM Websites:

TuneIn

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

အင်တာနက်မလိုပဲ ဖုန်းခေါ်၍ နားထောင်နိုင်သည်


AudioNow

Buddha FM ကို အင်တာနက်မလိုပဲ ဖုန်းဖြင့်ခေါ်ဆို၍နားထောင်နိုင်သည်။


US ကနေနားထောင်မည်ဆိုလျှင် 712 432 7003 ဖုန်းခေါ်ဆိုပါ။


US အပြင်ဘက်နေ နားထောင်မည်ဆိုလျှင် +1 712 432 7003 ဖြင့်ခေါ်ဆိုပါ။




Read More....

Buddha FM ကို Device အားလုံးဖြင့် နားထောင်နိုင်သည်

Buddha FM Radio ကို Android Phone အားလုံး နီးပါးနဲ့ နားထောင်လို့ ရပါတယ်။ Google မှာ Buddha FM Radio လို့ ရိုက်ထည့်လိုက်ပါ။ အဲ့ဒီမှာ "Buddha FM Radio--Listen Online Tunein" စာသားတွေ့လိမ့်မယ်။ ကလစ်လုပ်ပြီး Install လုပ်လိုက်ပါ။ တိုက်ရိုက်လိပ်စာကတော့ http://tunein.com/radio/Buddha-FM-Radio-s206211/ ။ အဲ့ဒီမှာ Install လုပ်ပြီး နားထောင်နိုင်သည်။ တစ်ချို့ Android Phone တွေမှာ WMA support မလုပ်ယင်၊ ဖိုင်အားလုံးကို support လုပ်တဲ့ဟာ လမ်းညွှန်လိုက်မယ်။ ရှာနေရမှာစိုးလို့။ ဟော့ဒီမှာ
https://play.google.com/store/apps/details... ။ Install လိုက်ပါ။ ကြိုက်တာဖွင့်/ကြည့် အကုန်ရတယ်။ ဘာ App မှသီးသန့်လုပ်စရာမလိုတော့ပါ။
Loading...

Buddha FM Soundclould Live

Station Name:
Station Genre:
Current Listeners:
Bitrate:
Now Playing:
Recently Played:

,

“သာသနာမှာ အလိမ်အညာမရှိစေရ” ---အရှင်ဝိစိတ္တာဘိဝံသ (၀ီရသူ - မစိုးရိမ်)

Thursday, January 26, 2012

ဒီဆောင်းပါးကို ဆရာတော်တို့ဘက်ကနေ မနေ့က Image ဖိုင်းနဲ့ အီးမေးပေးပို့ခဲ့ပါတယ်။ Image ကနေ Zawgyi font အဖြစ် ပြန်လည် ရိုက်ထားတာမို့ အမှားအယွင်း အချို့ရှိယင် ဆရာတော်၏ အမှားမဟုတ်ပါကြောင်း။ Buddha FM ၏ အမှားများသာ ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။

“သာသနာမှာ အလိမ်အညာမရှိစေရ”

ဘုရားလောင်း လှည်းကုန်သည်မှူးဘ၀တုန်းကဖြစ်သည်။ ဘုရားလောင်းသည် နောက်လိုက် နောက်ပါလှည်းကုန်သည်ငါးရာတို့နှင့်အတူ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းအလို့ငှာ ခရီးထွက်ခဲ့လေသည်။

ကန္တာရခရီးသို့ရောက်သောအခါ လမ်းမှားခြင်းကြောင့် ခရီးမတွင်မူ၍ အစာရေ ရိက္ခာများပြတ်လပ် သွားကြလေသည်။ ဤသို့လှည့်လည်သွားလာကြစဉ် ပညောင်ပင်ကြီးတစ်ပင်ကို တွေ့၍ လှည်းကို ချွတ်ကာ ထိုညောင်ပင်ကြီးအောက်၍ အနားယူကြလေသည်။

ဘုရားလောင်းတို့ နားခိုရာ ပညောင်ပင်ကြိး၏အရွက်တို့သည် စိမ်းညို့ပြေပြစ်နေသည်ကို လည်းကောင်း၊ အခက်တို့သည် ရေဖြင့်ပြည့်နေသည်ကိုလည်းကောင်း တွေ့မြင်ကြရလေသည်။

ဣစ္ဆာသယ လိုတရ ပညောင်ပင်

ထိုအခါ ကုန်သည်တစ်ယောက်သည် ညောင်ပင်ပေါ်တက်၍ အရှေ့ဘက်ညောင်ကိုင်းကို ခုတ်ဖြတ် ကြည့်မိချေသည်။ ထိုကုန်သည် ခုတ်ဖြတ်ရာ ညောင်ကိုင်းဝမှ ရေများထွက်ကျလာသေည်။ ရေများသည် ညောင်ကိုင်းမှ တစ်စက်ချင်း၊ နှစ်စက်ခြင်းစိမ့်ကျခြင်းမျိုးမဟုတ်ဘဲ ရေစက်ဖြင့်စုပ်ထုတ်ခြင်းကြောင့် ရေပိုက်မှထွက်လာသကဲ့သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ဒလဟောထွက်ကျလာခြင်းဖြစ်၏။ ညောင်ကိုင်းမှ ရေများပန်းထွက်သည်မှာ ထန်းတစ်ရပ်စာမျှ မြင့်လေသည်။

ကုန်သည်တို့သည် ထိုရေများကို အငတ်ပြေအဖြစ် သောက်လည်းသောက်ကြ၏။ အမောပြေအဖြစ် ချိုးလည်းချိုးကြလေ၏။

ထို့နောက် တောင်ဘက်ညောင်ကိုင်းကို ခုတ်ဖြတ်ကြပြန်လေ၏။ ထိုအခါ ထိုညောင်ကိုင်းမှ အနံ့အရသာနှင့် ပြည့်စုံသော နတ်သုဒ္ဓါ နတ်အစားအစာများ ထွက်ကျလာလေ၏။ ကုန်သည်များသည် ထိုအစားအစာများကို ငတ်ငတ်ပြတ်ပြတ်နှင့် သူ့ထက်ငါ အလုအယက် ခပ်ယူစားသုံးကြလေသည်။

ထို့နောက် အနောက်ဘက် ညောင်ကိုင်းကို ခုတ်ဖြတ်ကြပြန်လေ၏။ ထိုအခါ ထိုညောင်ကိုင်းမှ အ၀တ်အစားလှပတင့်တယ်စွာ ၀တ်ဆင်ထားသော နတ်မိမယ်လေးများထွက်ကျလာ၏။ ကုန်သည်များ သည် ထိုနတ်မိမယ်လေးများနှင့် မွေ့လျော်ပျော်ပါးကြကုန်လေသည်။

ထို့နောက် မြောက်ဘက်ညောင်ကိုင်းကို ခုတ်ဖြတ်ကြပြန်လေ၏။ ထိုအခါ ထိုညောင်ကိုင်းမှ ရတနာခုနစ်ပါးတို့ ထွက်ကြလာကြကုန်၏။ ကုန်သည်များသည် ထိုရတနာများကို ကိုယ်စီကိုယ်ငှ လှည်းများပြည့်အောင် ကျုံးယူတင်ဆောင်ထားကြလေသည်။
“အရိပ်ခို အခက်ချိုး မိစ္ဆာမျိုးကုန်သည်”

ထိုသို့ ညောင်ကိုင်းခုတ်တိုင်း ထူးခြားဆန်းပြားသော စည်းစိမ်ဥစ္စာရတနာများ ထွက်ကျလာသည့် အခါ ကုန်သည်များသည် လောဘတက်၍ လာလေတော့၏။ “သစ်ကိုင်းခုတ်ရုံမျှဖြင့် ဤကဲ့သို့သော ရတနာ များ ထွက်ပေါ်လာသေး၏။ အမြစ်ကို တူးဖြတ်လျှင်မူကား သည်ထက် တန်ဖိုးကြီးသည့် ဥစ္စာရတနာများ ထွက်ပေါ်လာပေလိမ့်ဦးမည်” ဟု ကြံစည်ကာ ညောင်မြစ်တူးဖို့ အားထုတ်ကြလေသည်။

ထိုအခါ ဘုရားလောင်း လှည်းကုန်သည်မှူးသည် ထိုကုန်သည်များထံသို့ သွား၍ လက်အုပ်ချီကာ ဤသို့တောင်းပန်လေသည်။

“ဤပညောင်ပင်ကြီးသည် သင်တို့အား အဘယ်သို့ ပြစ်မှားလေသနည်း။”

“အရှေ့ကိုင်းက ရေကိုပေး၏။ တောင်ကိုင်းက ထမင်းအဖျော်ကို ပေး၏။ အနောက်ကိုင်းက မိန်းမပျို ကို ပေး၏။ မြောက်ကိုင်းက အလုံးစုံသော အလိုရှိအပ်သော ရတနာခုနစ်ပါးကိုပေး၏”

“အကြင်သစ်ပင်၏ အရပ်၍နေခဲ့ဖူး၊ အိပ်ခဲ့ဖူးအံ့။ ထိုသစ်ပင်၏ အခက်ကို မချိုးရာ”

အရိပ်နေလျက် အခက်ချိုးသောသူသည် ယုတ်မာသောသူ မည်၏။ အဆွေခင်ပွန်းကို ပြစ်မှားတတ် သူ မည်၏”

လှည်းကုန်သည်မှူးက မည်သို့ပင် ဆုံးမတားမြစ်စေကာမူ ကုန်သည်အားလုံးက လောဘတက်နေ သောကြောင့် လှည်းကုန်သည်မှူး၏ စကားကို မနာယူကြတော့ပေ။ နောက်ဆုံးတွင် လှည်းကုန်သည်မှူး လည်း တစ်ယောက်နှင့်အများဖြစ်နေသောကြောင့် အားမတန်၍ မာန်လျော့လိုက်ရလေတော့၏။

လောဘကို အတောမသတ်နိုင်သော ကုန်သည်များလည်း တန်ဖိုးမဖြတ်နိုင်သော ရတနာများ ရလိုဇောဖြင့် ပုဆိန်၊ ဓါးမစသော လက်နက်များယူဆောင်ကာ ညောင်မြစ်ဖြတ်ရန် အားထုတ်ကြလေတော့ ၏။

“စမတ်ပါဝါနှင့်နတ်နဂါး”

ဤညောင်ပင်ကြီးသည် နတ်နဂါးတို့ စောင့်ရှောက်နေထိုင်ရာ ပညောင်ပင်ကြီးဖြစ်လေသည်။ ကျေးဇူး မသိတတ်သော ကုန်သည်များအပေါ် နတ်နဂါးတို့သည် များစွာ အမျက်ထွက်လေတော့၏။ ထို့ ကြောင့် လှည်းမှူးကို ချန်လှပ်၍ ကြမ်းကြုတ်ယုတ်မာသော ကုန်သည်များကို တစ်ယောက်မကျန် သတ်ဖြတ် ရန် နဂါးမင်းသည် နတ်စစ်သည်များကို စေလွှတ်လိုက်လေတော့၏။

ကျေးဇူးရှင်ကိုပြစ်မှားစော်ကားသော ကုန်သည်ငါးရာလည်း ချက်ချင်းလက်ငင်း ဖွဲထင်းဘ၀၊ ပြာမှုန့် ဘ၀သို့ရောက်ရှိသွားလေတော့၏။

ထို့နောက် ရတနာများအပြည့်တင်ဆောင်ထားသော လှည်းငါးရာကို နတ်နဂါးများကိုယ်တိုင် က၍ လှည်းမှူးအိမ်သိုက အရောက်လိုက်ပို့လိုက်ကြလေသည်။

ဤသို့ဖြင့် ကျေးဇူးသိတတ်သော လှည်းမှူးသည် မိမ်အိမ်သို့လည်း အလွယ်တကူပြန်ရောက်၍ နောက်လိုက်ကုန်သည်ငါးရာတို့၏ ရတနာများကိုပါ ရရှိခဲ့ပေသည်။

“မဃဒေ၀ဆုံးမစာ”

ကျေးဇူးမသိတတ်သော ကုန်သည်ငါးရာကို ရည်ရွယ်၍ မန်လည်ဆရာတော်ကြီးက ဤသို့ ဆုံးမ ထားလေသည်။

မိစ္ဆာကျင့်ဆိုး၊ လူမိုက်မျိုးကား၊ ကိုးလေတိုးလေး၊

အိုတစ္ဆေဟု၊ ဆိုထွေပမာ၊ သဲကန္တာတွင်၊ အစာအစား၊

နေရာများနှင့်၊ ခုနစ်ပါးရတနာ၊ ပေးတတ်စွာသည့်၊

မဟာနိဂြောဓ၊ ပင်ရုက္ခကို၊ မြစ်မ မကျန်၊

တူးလှန်ခုတ်ဖြတ်၊ ပြုတုံ့လပ်၍၊ ရေနတ်နဂါး၊

ပေါက်သတ်စားသည့်၊ လှည်းသားငါးရာ၊ (မဃ။ ၁၉၇။)

(ပမာတူစွာ၊ သာသနာ၌၊ မဟာစောရ၊ ရှင်ဓါးပြတို့၊

ပစ္စယလေးလီ၊ ခိုမှီသုံးစား၊ အားမရဘဲ၊ ထေရ၀ါဒ၊

မြတ်ဓမ္မကို၊ မုချကြံစည်၊ ပျက်စိမ့်ရည်လျက်၊ ဖျက်ဆီးလတ်က၊

မလှမျက်နှာ၊ ရှက်ရစွာနှင့်၊ ခန္ဓာကိုယ်တုံး၊ အသက်ဆုံးလိမ့်) (စာရေးသူ)

“သာသနာ့အေးရိပ်”

ကျွန်ုပ်တို့၏ ယခုလက်ရှိ မျက်မှောက်သာသနာသည် ဤဇာတ်တော်လာ ပညောင်ပင်ကြီးနှင့်တူ၏။ ဤပညောင်ပင်ကြီးသည် သူ၏ အရိပ်ကို ခိုလှုံသူတို့အား အစားအစာများ၊ အ၀တ်အစားများ၊ အသုံးအ ဆောင်များ၊ ရွှေငွေဥစ္စာရတနာများ ပေးစွမ်းနိုင်သလို ကျွန်ုပ်တို့ ဖဘုရားရှင်၏ သာသနာတော်ကြီးကလည်း သာသနာတွင်းသို့ ၀င်ရောက်လာသော ရဟန်းရှင်လူ သူတော်စဉ်အပေါင်းအား ဆွမ်း, သင်္ကန်း၊ ကျောင်း၊ ဆေးတည်းဟူသော ပစ္စည်းလေးပါးကို ပေးစွမ်းနိုင်ပေသည်။

ရဟန်းသံဃာတို့သည် သာသနာ့အေးရိပ်ကို ခိုလှုံ၍ မိမိတို့၏ ဘုန်းကံအားလျော်စွာ ကမ္မဌာန်း ကျောင်းငယ်လေးများမှစ၍ မိုးထိမြင့်မား တိုက်ကြီးများအထိ ဆောက်လုပ်၍ သီတင်းသုံးနေထိုင်နိုင်ပေ သည်။ တတ်နိုင်လျှင် ရွှေသားအတိပြီးသော ရွှေကျောင်းကြီးနှင့် နေလိုကလည်း နေထိုင်ခွင့်ပြုထားပေ သည်။

မြတ်စွာဘုရား ချမှတ်ထားသော ဂန္တဓုရ၊ ၀ိပဿနာဓုရတည်းဟူသော ပရိယတ္တိ၊ ပဋိပတ္တိ လုပ်ငန်းများကို သင်ယူကျင့်ကြံအားထုတ်ဖို့ရာမှာမူ မိမိတို့၏ သဘောများသာ ဖြစ်ပေသည်။

ထို့ကြောင့် ရဟန်းသံဃာတို့သည် ပရိယတ္တိသင်ယူလိုက သင်္ကန်းခြုံ၍ အိပ်နေရုံသာရှိပေသည်။ ထို့အတူ ပဋိပတ္တိအားထုတ်လိုက အားထုတ်၍ အားမထုတ်လိုက ကာမဘောဂီအဖြစ် ခေတ်မီအသုံးအ ဆောင်များဖြင့် ဇိမ်ယဇ်၍နေလိုက်ရုံသာရှိပေသည်။

သာသနာအပေါ်၌ တာဝန်ကျေပွန်မှု မကျေမှုမှ ၎င်းတို့နှင့်သာသက်ဆိုင်၍ သာသနာကို တိုက်ရိုက်ဖျက်ဆီးရာမရောက်သောကြောင့် သာသနာတော်ကို မထိခိုက်နိုင်ပေ။ သီလဖြူစင်ခြင်း၊ ပျက်စီးခြင်း၊ တရားထူးရခြင်း မရခြင်းတို့သည် ၎င်းတို့နှင့်သာသက်ဆိုင်သောကြောင့် အပါယ်မကြောက် သော ၎င်းတို့ကို သဗ္ဗေသတ္တာ ကမ္မဿကာ ကိုယ့်ထိုက်နှင့်ကိုယ့်ကံဟူ၍သာ သဘောထားရုံရှိပေသည်။

“အန္တရာယ်အစစ်”

သို့သော် အရိပ်ခို၍ အခက်ချိုးရုံဖြင့် အားမရသေးဘဲ သာသနာ့သစ်ပင်ကြီးကို အမြစ်ပါမကျန်ရလေ အောင် တူးလှန်ဖြိုဖျက်ဖို့ ကြံစည်အားထုတ်နေသူများကိုပင် တွေ့မြင်လာရပေသည်။ ထိုသူများကား အခြားမဟုတ်၊ အဓမ္မ၀ါဒများ ထူထောင်၍ ဆရာကြီးလုပ်နေကြသော အဓမ္မ၀ါဒီများပင် ဖြစ်ပေသည်။

ထိုသို့ အဓမ္မ၀ါဒီပုဂ္ဂိုလ်များ ပေါ်ပေါက်လာခြင်းသည် ထေရ၀ါဒ သာသနာတော်အတွက် ကြီးမား သော အန္တရာယ်ကြီးတစ်ခုဖြစ်ပေသည်။

“ဓမ္မ၀ိနယစစ်တမ်း”

ထေရ၀ါဒ သာသနာတော်ဆိုသည်မှာ ပဌမသင်္ဂါယနာတင်ရာတွင် ဦးဆောင်ခဲ့သော ရှင်မဟာ ကဿကပ မထေရ်ကြီးမှစ၍ ယခုခေတ်ထိ မထေရ်အစဉ်အဆက် သက်ဝင်ယုံကြည်အပ်သော ဘုရားဟော ပိဋကတ်တော်များ ဖြစ်ပေသည်။

ပိဋကတ်သုံးပုံတွင် သုတ္တန်နှင့်အဘိဓမ္မာကို ဓမ္မဟု သုံးနှုန်း၍ ၀ိနည်းပိဋကကိုမူ ၀ိနယဟု သုံးနှုန်းပေ သည်။ ထို့ကြောင့် ထေရ၀ါဒ အနှစ်ချုပ်မှာ ဓမ္မနှင့် ၀ိနယဟူ၍ဖြစ်ပေသည်။

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အယူဝါဒသည် ဓမ္မနှင့်မကိုက်ညီဘဲ ဖီလာဆန့်ကျင်ဖြစ်နေခဲ့လျှင် ၎င်း ၏ အယူဝါဒကို အဓမ္မဟုခေါ်၍၊ ၀ိနယနှင့်ဆန့်ကျင်နေခဲ့လျှင်မူ အ၀ိနယဟု ခေါ်ပေသည်။

“သာသနာ့ မဟာစောရများ”

ယခုခေတ် ယခုအခါ၌ အဓမ္မ၀ါဒအသစ်များ ပေါ်ပေါက်လာသလို၊ အဓမ္မ၀ါဒအဟောင်းများလည်း ပြန်လည်ခေါင်းထောင်လာသည်ကို တွေ့ရပေသည်။

ထိုသို့သော အဓမ္မ၀ါဒကို သက်ဝင်ယုံကြည်သူများကို အဓမ္မ၀ါဒီဟု ခေါ်ပေသည်။ ထိုအဓမ္မ၀ါဒီများ ကို မဟာစောရ“ သာသနာ့ ခိုးသူကြီး”ဟု ပိဋကတ်တော်လာ ကျမ်းဂန်များက သတ်မှတ်ထားပေသည်။ ဆိုလိုသည်မှာ တိုင်းပြည်တစ်ခု၌ ခိုးသားဓါးပြများ ပေါ်ပေါက်လာက တိုင်းသူပြည်သားများက ဒုက္ခ ပွားရသကဲ့သို့ သာသနာတော်၌ အဓမ္မ၀ါဒီများ ပေါ်ပေါက်လာရင်လည်း အများပြည်သူအပေါင်း၏ အကျိုး စီးပွားကို ထိခိုက်ခြင်း၊ အကျိုးမဲ့ကို ဖြစ်စေခြင်း၊ ဆင်းရဲဒုက္ခပွားရခြင်းများ ဖြစ်ပေါ်လာပေသည်။

ထို့ကြောင့် ကိုယ့်တရားကို ဘုရား၏တရားအဖြစ်၊ ပုံမှားရိုက်သူ၊ အမှားကို အမှန်အထင်ဖြင့် ဇွတ်အ တင်း ဟောပြောပို့ချသူ၊ မိမိအယူအဆကို ပိဋကတ်နှင့် မညှိနှိုင်းဘဲ အတ္တကို ရှေ့တန်းတင်ကာ ငါသာအမှန် ငါအယူဝါဒသည်သာအမှန်၊ ကျန်သူများ ငါ့လောက်မသိ၊ သာသနာတစ်ရပ်လုံး င့ါလောက်မမြင် ပုံစံမျိုးချိုးနေသူမျာကို မဟာစောရ “သာသနာ့ ခိုးသူကြီး”ဟု ခေါ်ဆိုရခြင်းဖြစ်ပေသည်။

“တရားမကျင့်၍ အမှားသင့်ခဲ့သူ”

ကျွန်ုပ်သည် အဓမ္မ၀ါဒီများနှင့် ၎င်းတို့၏ ၀ါဒများကို လေ့လာခဲ့ဖူးပေသည်။ ထိုအခါ ပဋိပတ်နှင့် ဝေးကွာသူများကိုလည်း တွေ့ခဲ့ရပေသည်။ ဥပမာ-လူသေလူဖြစ် အဘိဓမ္မာတည်ထောင်သူ အရှင်ဥက္ကဌ၏ နေ့စဉ်တစ်နေ့တာ လုပ်ငန်းဆောင်ရွက်ချက်များတွင် ကမ္မဌာန်းဘာဝနာပွားများ အားထုတ်သည်ကို မတွေ့ ရပေ။ ထို့ကြောင့် အရှင်ဥက္ကဌသည် တက္ကာဝစရ(ဦးနှောက်သမား)၊ အတွေးအခေါ်သမားတစ်ဦးသာ ဖြစ်သည်ကို တွေ့ရပေသည်။ မြတ်စွာဘုရား၏ မဂ္ဂင်ရှစ်တန် အကျင့်မှန်ကား ထိုသို့သော တက္ကာဝစရ သမားတို့အတွက် မဟုတ်ပေ။ အတက္က၀ါစရ-စာတွေ့မဟုတ် လက်တွေ့ကျင့်ကြံအားထုတ်သူများအတွက် သာ ဖြစ်ပေသည်။

“လူပျင်းဝါဒ အဓမ္မ”

ထို့အပြင် အဓမ္မ၀ါဒီများအနက် ပဋိပတ်ကိုပယ်သော သူများကိုလည်း တွေ့ရပေသည်။ ဥပမာ-စိတ် ကို စိတ်အတိုင်းထား၊ လုပ်သမျှဒုက္ခ၊ မရှုမပွား အငြိမ်းထားဟု အယူရှိသည့် ကျောက်သင်္ဘောဝါဒီဂိုဏ်းသား များ ဖြစ်ပေသည်။ ထိုဝါဒကို လူပျင်းဝါဒဟု သတ်မှတ်မိပေသည်။ ထိုသူတို့သည် လုပ်သမျှဒုက္ခဟု မယူရှိ လေသောကြောင့် ကျင့်ကြံပွားများ အားထုတ်ရမည့် လုပ်ငန်းဟူသမျှ ဘာတစ်ခုမျှ မလုပ်ကြပေ။ ယုတ်စွအဆုံး ပရိယတ္တိ၊ စာပေသင်ကြားခြင်း ကိုမျှပင် မလုပ်ကြပေ။

ထို့ကြောင့် သူတို့သည် ၀ိနည်းမသင်၍ စည်းကမ်းမသိ၊ သုတ္တန်မသင်၍ အကျင့်မှန်မသိ၊ အဘိဓမ္မာ မသင်၍ စိတ်သဘာဝကို မသိကြပေ။ ထိုအခါ မသင်၍မသိ၊ မသိ၍မကျင့်၊ မကျင့်၍မမြင့်၊ မမြင့်၍မမြတ်ကြ တော့ပေ။ သူတို့သည် သာသနာတော်နှင့် တွေ့ကြုံရကျိုး၊ လူဖြစ်ရကျိုးပင် မနပ်ကြတော့ပေ။ ထိုသူတို့ကို ကိုးကွယ်သူများလည်း အချည်းနှီးဖြစ်ခဲ့ရလေ၏။ သိက္ခာသုံးပါးတွင် အဘယ်ကိုရည်မှန်း၍ ကိုးကွယ်ရပါ တော့မည်နည်း။ သာသနာတော်ဟူသည် သင်္ကန်းဝတ်ခြင်းကို ဆိုလေသလောဟုပင် ပြန်လည်မေးမြန်းရ တော့မည်ဖြစ်၏။

“မိစ္ဆာဒိဌိ ဆရာတပည့်”

မြစ်ကြီးနာအရှင်ဝိစိတ္တသာရ ၀ါဒကိုလည်း ဖတ်ရှုရပေသည်။ ၎င်းကား ကျောက်သင်္ဘောဝါဒနှင့် ထူးမခြားနားပင်၊ အဇ္ဈတ္တမရှုရ တားမြစ်ထား၏။ အဘယ်ကို ရှုရမှန်းပင် မသိတော့ပေ။ ထို့ပြင် လူဝင်စားကို ပယ်ထားသည်ကို တွေ့ရ၏။ ပုဂ္ဂလိကပိုင် ပစ္စည်းကို ခိုးယူမှသာ ခိုးမှုမြောက်သည်။ ပြည်သူပိုင်ပစ္စည်း၊ အများပိုင်ပစ္စည်းကို ခိုးလျှင်ကား ခိုးမှုမမြောက်၊ သီလမပျက်ဟု ဆိုလေ၏။ လူမိုက်အားပေး၊ သူခိုးလမ်းပြ၊ ၀ါဒကြီးသာတည်း။ ငါးဘွဲ့ရဓမ္မာစရိယကြီးလည်း သစ္စာမသိ၍ အနှစ်ဗလာအတိဖြစ်ခဲ့ရလေသည်။ ကြောက် မယ်ဖွယ်ကောင်းလေစွ။ ဆရာတင်မှားလေစွ။ နှမြောစရာကောင်းလေစွ။ ၎င်းကို သာသနာတော်က မွေးမြူရ ကျိုးမနပ်လေစွတကား။

၎င်း၏ နဿယည်းဆရာ မိုးပြာအရှင် ဉာဏ၀ါဒကိုလည်း ဖတ်ရှုရပေသည်။ ထောင်ထဲ၌ နှစ်ပေါင်း များစွာ နေခဲ့ရပါလျှက် ခံယူချက်၊ ယုံကြည်ချက်တို့ပျောက်ပျက်မသွားဘဲ စွဲမြဲရှင်သန်နေမြဲဖြစ်သောကြောင့် ရပ်တည်ချက် ခိုက်မည်မြဲမြံသည်ကိုကား ချီးကျူးမိလေသည်။ သို့သော် မိမိ၏ ခံယူချက်၊ ယုံကြည်ချက်တို့ ကြောင့် ပိဋကတ်တော်ကို မထိခိုက်စေဖို့၊ ဘုရားကို မစော်ကားမိစေဖို့ များစွာလိုပေသည်။ သို့မဟုတ်လျှင် ဒေ၀ဒတ်လမ်းစဉ်ဟုသာ သတ်မှတ်ရမည်ဖြစ်၏။

မိုးပြာအရှင်ဉာဏနှင့် မြစ်ကြီးနားအရှင်ဝိစိတ္တသာရတို့ ဆရာတပည့်ပေါင်း၍ သာသနာတော်ကို ထောင်းလမောင်းကြေအောင် ခြေမွဖျက်ဆီးနေသည်ကို နှိမ်နင်းခွင့်မရသည့်အတွက်လည်း များစွာ စိတ်မသက်မသာဖြစ်ခဲ့ရပေသည်။

“နောက်ဆုံးကျည်ဆံ ပျောက်ဆုံးမည်အမှန်”

ဓမ္မစေတီအရှင်ကောသလ္လကား သူ့ကိုယ်သူ နောက်ဆုံးကျည်ဆံဟု ခံယူသတ်မှတ်လျက် အဓမ္မ၀ါဒ ဟောင်းကို ပြန်လည်ဖော်ထုတ်ကာ ကျားသေကို အသက်သွင်းနေပြန်ပေသည်။ ၎င်း၏ ငယ်ဆရာများက စနစ်တကျ ပုံစံသွင်း မှိုင်းတိုက်မှုကို ခံထားရသောကြောင့် အမှားအမှန်မခွဲခြားနိုင်ဘဲ အဓမ္မကို ဓမ္မထင်ကာ အတ္တ တလူလူ၊ မာနတံခွန်ထူလျက် ထင်တစ်လုံးဖြင့် အငြိုးအတေးကြီးစွာ ထင်ရာစိုင်းပြီး၊ ထေရ၀ါဒ သာသနာတော်ကြီးကို ရမ်းကားစော်ကားနေသည်ကို တွေ့ရလေသည်။

ဒီကနေ့ မြန်မာတစ်ပြည်လုံးမှာ ၀ိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ ----- အကျိုးသတ် ဥစ္ဆေဒဒိဌိသမား တွေ ဖြစ်နေကြလို့ သေရင် အ၀ီစိရောက်ကြမည့် သူတွေချည်းပါပဲ။

(ပါသာဒိကသုတ်၊ ဒုတိယခွေ)

ကြားဖူးထားသော ဗုဒ္ဓ၏ ၀ိပဿနာနည်းတွေ၊ ဗုဒ္ဓဟောသည့်အတိုင်း လိုက်နေကြသော မဟာစည်/ မိုးကုတ် ၀ိပဿနာနည်းတွေ ------- အဲဒါတွေအားလုံးကို ဖယ်ပြစ်လိုက်ကြ၊ ပယ်ပြစ်လိုက်ကြ။

(ဒဿနသမ္မဒါ၊ ၅။ ၾသစေၾတးလ်)

ကျုပ်က ဒီနိုင်ငံမှာမွေးရင် အမေရကန်နိုင်ငံမှာ မွေးရင် ကမ္ဘာကြီးကို လက်ဝါးနှင့်အုပ်နိုင်တယ်။

(ဒဿနသမ္ပဒါ၊ ၇။ ၾသစေၾတးလ်)

ဒီကနေ့မြန်မာတစ်ပြည်လုံးမှာ ၀င်လေထွက်လေ ပိန်တွေဖောင်းတွေကိုချည်းပဲ လုပ်နေကြတယ်။ အဲဒီ ၀င်လေထွက်လေ စတာတွေမှာပဲ ဥပါဒါန်နဲ့ စွဲနေကြတယ်။ --------- တရားမရကြပါဘူး။

(ဒဿနသမ္ပဒါ၊ ၈။ ၾသစေၾတးလ်)

မြန်မာနိုင်ငံရှိ တရားသမားတွေဟာ အလုပ်လုပ်နေကြသော်လည်း တရားမရကြပါဘူး။

(ဒဿနသမ္ပဒါ၊ ၈။ ၾသစေၾတးလ်)

ဤကား ဓမ္မစေတီအရှင်ကောသလ္လ၏ ထေရ၀ါဒမြင့်မိုရ်တောင်ကို ထင်တစ်လုံးစွဲ၍ မစင်တုံးဖြင့် လွှဲကာ အကြီးအကျယ် ရမ်းကားစော်ကားချက်များ ဖြစ်ပေသည်။

ယုံကြည်မှုလွန်ကဲသော ၎င်းဓမ္မစေတီအရှင်ကောသလ္လဆိုသူနှင့် On Line မှဖြစ်စေ၊ On paper မှဖြစ် စေ၊ On Air Wave မှဖြစ်စေ၊ Debate လုပ်ကာ ရင်ဆိုင်ဆွေးနွေးလိုက်ချင်ပါသေးသည်။

၎င်းကပြောသေးသည်။ မြန်မာပြည်မှာ အတွေးအခေါ် မလွတ်လပ်ဘူးဟူ၏။ သြစတြေးလျမှာ၊ အမေ ရိကန်မှာမွေးလျှင် ကမ္ဘာကြီးကို လက်ဝါးဖြင့် အုပ်နိုင်သည်ဟူ၏။

“ပ၀တ္တိတိဟိတ်” ဟူ၍ ရှိ/မရှိ ဆိုသည်ကိုပင် မဆုံးဖြတ်နိုင်သော ၎င်းက အခေါင်းကျယ်နေပေသေး၏။ အင်မတန်လွတ်လပ်ခြင်းသော ၎င်းသည်ပင် ငယ်ဆရာများ၏ မှိုင်းတိုက်မှုကြောင့် အဓမ္မ၀ါဒ လောင်းရိပ် အောက်မှာ ပိပြားနေသည်ကို တွေ့ရပေသည်။ လွတ်လပ်သော အတွေးအခေါ်ရှိလိုလျှင် စိတ်ကို ကိလေသာမှ လွတ်မြောက်အောင် “စိတ်လွတ်လပ်အောင်” လောဘအခံ၊ ဒေါသအခံ၊ ဒိဌိအခံ၊ မာနအခံဖြင့် မတွေးနိုင် အောင် လုပ်သင့်ပေသည်။

၎င်းကိုယ်တိုင်က ဆရာသမားဝါဒကို အဓမ္မဆုံးဖြတ်ခံရ၍ မကျေမနပ်ဖြစ်ကာ၊ မိမိကိုယ်ကို နောက်ဆုံး ကျည်ဆံ နောက်ဆုံးမျိုးဆက်အဖြစ်ခံယူလျက် သာသနာအပေါ် အာဃာတထား စော်ကားခြင်းသည် ဒေါသ အခံဖြင့် လုပ်နေမိခြင်းဖြစ်လေသည်။ ၎င်းကိုယ်တိုင်ကိုယ်က အာဃာတအကျဉ်းသားသာတည်း။”

ကမ္ဘာကြီးကို လက်ဝါးဖြင့်အုပ်လိုက အချိန်မနှောင်းသေးပါ။ ယခုလည်း အမေရိကားသို့ ကြွနိုင်ပါသေး သည်။ သြစတြေးလျသို့ ကြွနိုင်ပါသေးသည်။ ဖြုတ်ဦးနှောက်အဆင့်သာရှိသော ၎င်းကိုကား ထေရ၀ါဒ နိုင်ငံတော်ရှိ ပရိယတ္တိအရည်အချင်း ပြည့်ဝသည့်ပညာရှင်တိုင်းက လက်ခံကြမည်မဟုတ်ပေ။ ဓမ္မစေတီ အရှင် ကောသလ္လကား သူ့ဆရာဘက်မှ ရပ်တည်လျက် ထေရ၀ါဒီများကို တော်လှန်ပုန်ကန်နေခြင်း ဖြစ်ပေသည်။

ကျွန်ုပ်သည်လည်း ဓမ္မ၀ါဒီတော်လှန်ရေးသမားပင် ဖြစ်လေသည်။ တော်လှန်ခြင်းကို အားပေးသော် လည်း တော်လှန်ရေးသမားဟူသည် အမှန်တရားဘက်မှ ရပ်တည်နေဖို့ လိုပေသည်။ ကိုယ့်ဘက်ကမှားနေ လျှင် တော်လှန်ရာမရောက်ဘဲ စော်ကားရာ ရောက်သွားပေမည်။ ထိုအခါ တော်လှန်သူက မှားနေသော ကြောင့် ချေမှုန်းခံရနိုင်ပေသည်။

ထေရ၀ါဒသာသနာတော်၏ အသက်သည်ကား နှစ်ပေါင်း ၂၅၅၃ နှစ်ပင် ပြည့်မြောက်ခဲ့ပေပြီ။ ရှင်မဟာ ကဿဖမထေရ်ကြီးမှစ၍ မထေရ်အစဉ်အဆက်၊ ဆရာတော်သံဃာတော်အဆက်ဆက်တို့၏ ကျေးဇူးကြောင့် အခြေခံအုတ်မြစ်ကိုခိုင်မာမြဲမြံစွာ တည်ရှိ၍ နေပေသေး၏။ ထိုမထေရ် ထိုဆရာတော် သံဃာတော်တို့ ဖြူစင် မြင့်မြတ်သော သိက္ခာသုံးရပ်ဖြင့် အခိုင်အမာ တည်ဆောက်ထားနိုင်ခြင်း ၎င်းကို ဖြိုချရန် စိတ်ကူးသူများသည် မဟာရာမ်တံတိုင်းကို ခေါင်းဖြင့်တိုက် ဖြိုလိုသည့် ဒိဌုမ္မတ္တက(၀ါဒရူး)များသာ ဖြစ်ပေသည်။ ထို့အပြင် ဒိဌိမာန တစ်ခွဲသားဖြင့် ကိုယ့်ကိုကိုယ် အဟုတ်ကြီးထင်ကာ ထေရ၀ါဒီများကို စော်ကားနေလျှင် ဒုကနိပါတ်ဂူထပါဏ ဇာတ်လာ နွားချေးပိုးကောင်လို ချေမှုန်းခံရပေလိမ့်မည်။

“ဓမ္မစေတီကိုအမျှဝေမည့် တရားတပုဒ်”

နွားချေးပိုးတစ်ကောင်သည် အရက်သမားတို့ ထားရစ်ခဲ့သော ခွက်ထဲမှ အရက်ကျန်ကို သောက်မိပြီး အမူးလွန်သွားပေသည်။ မူးမူးဖြင့် အရက်သမားတို့ စွန့်ခဲ့သော မစင်ပုံပေါ်တက်မိရာ မစင်ပုံက ပျော့အိနေ၍ နိမ့်ဝင်သွားသည်ကို သူ့အား အရိုအသေပြုသည်ဟု ထင်ကာ မာန်ယဇ်နေလေသည်။ ထို့အပြင် တောဆင်ရိုင်း တစ်ကောင်က မစင်နံ့ကြောင့် နောက်ပြန်လှည့်သွားသည်ကို နွားချေးပိုးကောင်က သူ့ကိုကြောက်၍ ပြေးသည် ဟုထင်ကာ ဆင်ပြောင်ကြီးကို မာန်ထောင်ပြီး စိန်ထောင်လိုက်လေ၏။ ထိုအခါ ဆင်ကြီးက နွားချေးပိုးကောင် ကို မစင်တုံးဖြင့် ဖိသတ်ကာ ကျင်ငယ်ရေဖြင့် မျှောချလိုက်တော့၏။

ဤအကြောင်းကို မန်လည်ဆရာတော်က ဤသို့ ဆုံးမတော်မူခဲ့ပေသည်။

ထိုမှတစ်ဖြာ၊ ဤလူ့ရွာ၌၊ ပညာကာယ၊ ဥစ္စာစသား၊ ဗလနည်းပါး၊

မတန်ငြားဘဲ၊ အားမဲ့တုံလျက်၊ ရန်ပြိုင်ဖက်လည်း၊ ပျက်အံ့အရေး၊ မှန်မဝေးရှင့်။

နွားချေးပိုးကောင်၊ တောင်ဆင်ပြောင်ကို၊ မာန်ထောင်ပျက်ပြယ်၊ ရန်စရှယ်က၊

အစွယ်နှာမောင်း၊ ခြေတစ်ချောင်းမျှ၊ တူကြောင်းပြိုင်ရှက်၊ မဖတ်လောက်စွာ၊

ပိုးမိစ္ဆာကို၊ ပမာထိုဆင်၊ ထီမထင်ဘဲ၊ မစင်တုံးဖြင့်၊ ကိုယ်လုံးပိ၍၊ သိသိကြေဆေား၊

ကျင်ရည်ကြောတွင်၊ ပေါလောပေါ်ထွေ၊ မျောပစေ၏၊၊ ဂုဏ်နေမတူ၊ မမျှသူကို၊ မာန်မူသမှု၊ ပြိုင်မပြုနှင့်။

(မဃ။ ၁၉၆)

“အဓမ္မ၀ါဒီများအတွက် အကြံပြုချက်”

ဤသာသနာတော်၏ ကျေးဇူးကြောင့် မြန်မာပြည်သူများ ယဉ်ကျေးသိမ်မွေ့နေကြခြင်းဖြစ်၏။ မြန်မာကို ကမ္ဘာကသိနေခြင်းဖြစ်၏။ ဤသာသနာတော်မြတ်ကြီးကား ကျွန်ုပ်တို့မြန်မာပြည်၌ ဤမျှပင် အကျိုး များပေသည်။

ထို့ကြောင့် ထေရ၀ါဒကို စိတ်ကူးမျှပင် မပြစ်မှားသင့်ပေ။ ထေရ၀ါဒကိုထိလျှင် မီးပွင့်သွားစေရမည် ဟုပင် သတိပေးလိုက်ချင်ပါသည်။

ဓမ္မစေတီ၊ မိုးပြာအရှင်ဉာဏနှင့် မြစ်ကြီးနားအရှင်ဝိစိတ္တသာရ အပါအ၀င် အဓမ္မခေါင်းဆောင်များကို အကြံပြုလိုသည်မှာ ကြည်လင်အေးမြ၍ ငြိမ်းအေးချမ်းမြေ့သော ထေရ၀ါဒကန်ရေပြင်မှာ မုန်တိုင်းလေပွေ ဖန်တီးနေမည့်အစား အခြားအခြားသော သာသနာမရောက်သေးသော ပစ္စန္တရာဇ် အရပ်ဒေသများ၊ တိုင်းတစ်ပါး၊ နိုင်ငံရပ်ခြားသို့သာ သွားရောက်ပို့ချသင့်ကြောင်းကိုပင် ဖြစ်လေသည်။

“အနေတက်သည့် မထေရ်မြတ်တစ်ပါးအကြောင်း”

ဓမ္မစေတီဦးဌေးလှိုင်ရေးသည့် “ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ”စာအုပ်တွင်ပါရှိသော မထေရ်မြတ်တစ်ပါး အကြောင်းကား မှတ်သားစရာကောင်းလှပေသည်။

ထိုမထေရ်မြတ်တောရဆောက်တည်၍ တရားအားထုတ်ရာတွင် စာနှင့်မညီသော ကိုယ်တွေ့တရား အချို့ကို တွေ့ရကြောင်း တပည့်ကြီများကို ပြောမိရာ တပည့်ကြီးများက ထိုမထေရ်၏ ကျင့်စဉ်အလုပ်တရား ကိုစာအုပ်အဖြစ် ရေးသားထုတ်ဝေဖို့ လျှောက်ထားလေသည်။ ထိုအခါ ထိုမထေရ်က “ငါ သက်ရှိထင်ရှားရှိ လျှင်ကား ပြဿနာမရှိ၊ ငါမရှိသည့် အချိန်တွင် နောင်လာနောက်သားများ မဖြေရှင်းနိုင်က ပြဿနာတစ်ရပ် တွင်ကျန်ရစ်နိုင်သည်။” ဟု မိန့်တော်မူခဲ့လေသည်။ လူတော်လူကောင်းလက္ခဏာရှိသော မထေရ်မြတ်တစ် ပါးပါတည်း။

တော်လှန်သူ အဓမ္မ၀ါဒီများအနေဖြင့် ငါ့တရားသာအမှန်ဟု ယူဆပြီး မိမိအယူဝါဒကို မစွန့်လွှတ်နိုင် ခဲ့လျှင်လည်း ထိုမထေရ်မြတ်ကဲ့သို့ပင် ပေါက်မြောက်အောင် ကျင့်ကြံသင့်ပေသည်။ ထိုမထေရ်မြတ်ကဲ့သို့ ပင် ကိုယ့်တရားနှင့်ကိုယ် နားအေးပါးအေးသာ နေထိုင်သင့်ပေသည်။ တပည့်တပန်းစုဆောင်းခြင်း၊ ၀ိဝါဒဖြစ် အောင် လှုံဆော်ခြင်းတို့ဖြင့် ပြဿနာရှာကာ ထေရ၀ါဒကို အတိုက်အခံ မလုပ်သင့်ပေ။

မတူညီသည့် ကျင့်စဉ်ကို ဟောပြောပို့ချခြင်းဖြင့် ၀ိဝါဒကို ဖန်တီးနေမည့်အစား ပေါက်မြောက် အောင် အားထုတ်ပြီးမှ မြေလှိုးမိုးပျံပြခြင်း၊ သမာပတ်ဝင်စားပြခြင်းဖြင့် စည်းရုံးနိုင်လျှင် ပို၍ လက်တွေ့ကျပြီး ပို၍ အောင်မြင်ပေလိမ့်မည်။ သို့မဟုတ်လျှင် သင့်ကို ထေရ်ဝါဒတို့က ဥမ္မတ္တကအဖြစ်သာ သတ်မှတ်ကြမှာ အမှန်ပင် ဖြစ်ပေသည်။

“အမှားမကင်းသည့် လောကကြီး”

အ၀ိဇ္ဇဖြင့် ဘ၀ကို စခဲ့သူမှန်သမျှကို ဘုရားမှလွဲ၍ မရှိပေ။ ရှင်သာရိပုတြာမထေရ်သည်ပင် ရွှေပန်း တိမ်သည်ဘ၀မှလာသူ ရဟန်းငယ်တစ်ပါးကို ကမ္မဋ္ဌာန်းပေးရာ၌ မှားယွင်းခဲ့ဘူးပေသည်။ ထို့ကြောင့် ဤလောက၌ အမှားကင်းသူ မရှိနိုင်ပေ။

သို့ရာတွင် ခွင့်လွှတ်ထိုက်သော အမှားနှင့် ခွင့်လွှတ်ထိုက်သော အမှားဟူ၍ နှစ်မျိုးရှိပေသည်။

အပေါ်ယံမှားခြင်း၊ အတွေးအခေါ် အယူအဆမှားခြင်းမျိုးကား အနှစ်သာရ ကျင့်စဉ်တရားကို မထိ ခိုက်သောကြောင့် ခွင့်လွှတ်ထိုက်သော အမှားမျိုးဖြစ်ပေသည်။

မိုးကုတ်ဆရာတော်ဘုရားကြီးလည်း မှားခဲ့ပေသည်။ သို့သော် ခွင့်လွှတ်ထိုက်သော အမှားသာဖြစ် ပေသည်။ ဗာရာဏသီနှင့် သာဝတ္တိမှားခြင်းမျှဖြင့် စာအုပ်ထုတ်၍ ဆုံးဖြတ်လောက်အောင် မှားသည့်အမှား မျိုးဟု မယူဆခဲ့ပေ။

ငိုရယ်တရားကဲ့သို့ သာသနာကို ထိခိုက်လောက်အောင် မှားသည့် ခွင့်မလွှတ်နိုင်သည့် ကျင့်စဉ်မှား မျိုးကိုကား မည်သည့်အန္တရာယ်မျိုးပင်ရှိစေကာမူ လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။

ထေရ၀ါဒ၏ အနှစ်သာရသည်ကား မဂ္ဂင်ရှစ်တန် သတိပဌာန်ကျင့်စဉ်သာ ဖြစ်ပေသည်။ မဂ္ဂင်ရှစ် တန်သတိပဌာန်တရားမှန်ကြောင့် သာသနာကိုကမ္ဘာက လက်ခံနေကြခြင်းဖြစ်၏။ ထို့ကြောင့် မဂ္ဂရှစ်တန် သတိပဌာန်သည် သာသနာအမြုံတေလည်း ဖြစ်ပေသည်။ ထိုအနှစ်သာရကို မထိခိုက်သမျှ ဝေဖန်ဆွေးနွေး ရုံသာ ရှိပေသည်။


“အရှင်မစဟာကဿပ ထုံးကို အစဉ်သာ သုံးဖို့လို”

မြတ်စွာဘုရား ပရိဗ္ဗာန်စံဝင်ပြီးနောက် ပဌမသင်္ဂါယနာတင်ကာ သာသနာတော်ကြီးကို စတင်ဦး ဆောင်ထိန်းသိမ်းခဲ့သော ရှင်မဟာကဿပမထေရ်ကြီး ရည်ရွယ်ချက်မှာ လွန်စွာရှင်းလင်းလှပေသည်။

ပုရေ အဒမ္ပာ ဒိပ္ပတိ၊ အဓမ္မ၀ါဒ မထွန်းကားစေရန်

ဓမ္မောပဋိဗာဟိယျတိ ဓမ္မ၀ါဒ မပပျောက်စေရန်

ပုရေအဓမ္မာဝါဒိနော ဗလ၀န္တော ဟောန္တိ - အဓမ္မ၀ါဒီ များ အားမကောင်းစေရန်။

ဓမ္မ၀ါဒီနောဒုဗ္ဗလာ ဟောန္တိ - ဓမ္မ၀ါဒီများ အားမနည်းစေရန် ဟူ၍ ဖြစ်ပေသည်။

ဆိုလိုသည်မှ အဓမ္မာဝါဒီများ အားကောင်းလာလျှင် ဓမ္မ၀ါဒီများ လမ်းဘေးရောက်သွားလိမ့်မည်။ ထို့ကြောင့် အဓမ္မ၀ါဒီများ အားနည်းအောင်လုပ်ရမည်။ အဓမ္မ၀ါဒထွန်းကားလာလျှင် ဓမ္မ၀ါဒ ပျောက်ကွယ် သွားလိမ့်မည်။ ထို့ကြောင့်အဓမ္မ၀ါဒ မထွန်းကားအောင် လုပ်ရနည်ဟူ၍ ဖြစ်လေသည်။

“လုပ်လက်စ ခဏရပ်ထားပါ”

အဓမ္မ၀ါဒ မထွန်းကားစေလိုလျှင် ရဟန်းသံဃာများသည် အမြဲတမ်း မျက်စိဖွင့်နှင့် နားစွင့်ထားရပေ မည်။ အဓမ္မ၀ါဒီ ပုဂ္ဂိုလ်ပေါ်ပေါက်သံကြားသည်နှင့် တစ်ပြိုင်နက် စာချနေစဉ်ကြားလျှင် စာချရပ်ကာ တရား ထိုင်နေစဉ်ကြားလျှင် တရားထိုင်ရပ်ကာ ကြားလေရာအရပ်မှ ချက်ချင်းဝိုင်းဝန်း နှိမ်နင်းရမည်ဟု ကျမ်းဂန် များ၌ လမ်းညွှန်ထားပေသည်။

သုတသုတဌာန တောယေ၀ အဌတွာ အနိသီဒိတွာ

ဥပသင်္ကပိံသု။ (မူလပဏ်။ ဌ။ ၂။ ၂၀၆။)

ထို့ကြောင့် ရဟန်းတော်များသည် ကျောင်းမှာထိုင်ရုံဖြင့် ပြီးပြည့်စုံပြီဟု ထင်မှတ်မနေဘဲ အဓမ္မ၀ါဒ သမားများကို အစဉ်အမြဲ သတိထားစောင့်ကြည့်သွားဖို့ လိုပေသည်။

အဓမ္မ၀ါဒများ မျိုးစေ့မျှမချနိုင်အောင်၊ အညွန့်အညှောက်မျှ မထွက်နိုင်အောင် အမြဲတမ်း သုတ်သင် ရှင်းလင်းနေဖို့လိုသလို အဓမ္မ၀ါဒအဟောင်းများ ခေါင်းပြန်မထောင်နိုင်အောင်လည်း ဂရုစိုက်နှိမ်နင်းဖို့ လိုပေ သည်။ အချို့အဓမ္မ၀ါဒီများသည် စွန့်လွှတ်ကြောင်း လက်မှတ်ထိုးခဲ့ရခြင်းအတွက် အာဏာနှင့်အတင်း အကြပ်ထိုးခိုင်း၍ မလွန်ဆန်နိုင်ခြင်းကြောင့် ထိုးခဲ့ရသည်။ သူတို့ဝါဒမှန်သည်ဟု ဆိုကာ အရှက်ပြေဆင်ခြေ ပေးနေသူများရှိသလို အယူကို မစွန့်လွှတ်သည့်အပြင် တိုးတိုးတိတ်တိတ်ရော ပြောင်ကျကျပါ ဟောပြောပို့ ချနေပေသည်။

ထိုသို့သော ဂိုဏ်းဂဏပုဂ္ဂိုလ်များကို အထောက်အထား ခိုင်မာပါက ထောင်ချအရေးယူခြင်း ကျောင်းတိုက်ကို ချိပ်ပိတ်ခြင်းများ ပြုလုပ်သင့်ပေသည်။

သက်ဆိုင်ရာက ထိုသို့အရေးယူနိုင်အောင် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်နယ် အဆင့်ဆင့်မှ ရဟန်းတော်များက သတိတရားလက်ကိုင်ထား၍ အမြဲတမ်းစောင့်ကြည့်ဖို့ လိုပေသည်။ ပေါ် ပေါက်သံကြားသည်နှင့် ပြင်းထန်စွာ အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပို့ တိုင်ကြားရပေ မည်။

“အပ်အရာ ပုဆိန်ပါရပြီ”

မြစ်ကြီးနားအရှင်ဝိစိတ္တသာရနှင့် မိုးပြာအရှင်ဉာဏတို့ ဟောပြောပို့ချချက်များနှင့် ပတ်သက်၍ မိုးညှင်းမြို့မှ ဆရာတော်တစ်ပါးက ကျွန်ုပ်အား စာအုပ်ရေး၍ နှိမ်နင်းဖို့ တိုက်တွန်းခဲ့ဖူးပေသည်။ ကျွန်ုပ်က မဟာနာယကထံ စတင်ဖို့နှင့် စာတင်ပါက အချက်အလက်ရှာဖွေပေးမည်။ အစစအရာရာ ကူညီမည်ဟု ပြန် ပြောခဲ့ပေသည်။ ထိုအခါ ထိုဆရာတော်က သူငယ်ချင်းဖြစ်နေ၍ မျက်နှာပူ၍ သူမလုပ်နိုင်ကြောင်း ပြန်ပြော လေသည်။

ရဟန်းအချို့သည် ကျောင်းကန်ဒါယကာ/ဒါယိကာမများနှင့် ပတ်သက်၍ အမှုအခင်းများ၌ကား ရှက်ရကောင်းမှန်း၊ မျက်နှာပူရကောင်းမှန်း မသိပါဘဲလျက် သာသနာ၌ အင်မတန်အရေးကြီးသည့် အလုပ်ကို လုပ်ရမှာကား မျက်နှာပူကြ၊ ရှက်နေကြသည်ကို တွေ့ရပေသည်။ ပုဂ္ဂိုလ်ရေးကို ဘေးချိပ်၍ ဘုရားမျက်နှာ၊ သာသနာမျက်နှာကိုသာ ကြည့်သင့်ပေသည်။

ကျွန်ုပ်အကြံပြုစဉ်ကသာ စောဒနာလွှာတင်၍ ၀ိုင်းဝန်းနှိမ်နင်းမည်ဆိုလျှင် ယခုကဲ့သို့ အကျယ် အကျယ်လည်း ဖြစ်ဖွယ်မရှိပေ။ ယခုကဲ့သို့လည်း နှိမ်နင်းရခက်လောက်အောင် ပရိသတ်အင်အား ကောင်းခဲ့ မည်မဟုတ်ပေ။ ယခုမူ အပ်နှင့်ထွင်းရမည့်အရေးကို ပုဆိန်ဖြင့် ပေါက်နေရပေပြီးတည်း။

ထို့ကြောင့် ပုဂ္ဂလာဓိဌာန်နှင့် ဓမ္မဓိဌာန်ကို ခွဲခြားတတ်ဖို့ လိုပေသည်။ ဓမ္မအရေးနှင့် ပတ်သက်လာ လျှင် ပုဂ္ဂလာအရေးကို ငဲ့ကွက်ထည့်တွက်နေဖို့ မလိုပေ။

“ညောင်ပင်စောင့်နဂါးနှင့် သာသနာစောင့်ဓါး”

ဤဇာတ်တော်လာ ညောင်ပင်ကြီးသည် ခရီးသွားတို့အား ကျေးဇူးများသကဲ့သို့ သာသနာတော်ကြီး သည်လည်း ကျွန်ုပ်တို့ ရဟန်းတော်များအား များစွာကျေးဇူးကြီးလှပေသည်။ ညောင်ပင်ကြီးကို နတ်နဂါး စောင့်ရှောက်သကဲ့သို့ သာသနာတော်ကြီးကိုလည်း ကျွန်ုပ်တို့ ရဟန်းတော်များက စောင့်ရှောက်သင့်ပေ သည်။

ကျေးဇူးကြီးမားသည့် လိုတရ ဣစ္ဆာသယညောင်ပင်ကြီး၏ ညောင်ရိပ်ခို၍ ညောင်ခက်ချိုးရုံဖြင့် အားမရသေးဘဲ ညောင်မြစ်ကိုပါ တူးဖြိုဖို့ လုပ်လာသော ကုန်သည်များကို ညောင်စောင့်နဂါးက ချေမှုန်းပစ် သလို သာသနာအရိပ်ကို ခို၍ သာသနာ့ရေသောက်မြစ်ကို တူးဖြိုဖို့ ကြံစည်းအားထုတ်လာသော အဓမ္မ၀ါဒီ ရဟန်းယုတ်များကို သာသနာစောင့်ဓါးဖြင့် သုတ်သင်ရှင်းလင်းပစ်ဖို့ လိုပေသည်။ ထိုသာသနာစောင့် ဓါးကား အခြားမဟုတ် ဓမ္မသာဖြစ်သတည်း။

“လောဘသားကောင် စောရများမြောင် မဖြစ်စေသင့်”

တသ္မာ ဟိ ပဏ္ဍိတော ပေါသော၊ သမ္ပဿံ အတ္ထမတ္တနော။

လောဘဿ န၀သံ ဂေစ္ဆေ၊ ဟနေယျာရိသကံ မနံ။

ရဟန်းတို့ ပညာရှိသော ပုဂ္ဂိုလ်သည် အကြင်ကြောင့် မိမိ၏ အကျိုးစီးပွားကို ကောင်းစွာမြင်၏။ ထို့ကြောင့် လောဘ၏ အလိုနိုင်ငံသို့ မလိုက်ရာ။ လောဘရန်သူ၏ ဥစ္စာဖြစ်သော စိတ်ကို သတ်ရာ၏။

(ပကိဏ္ဏကနိပါတ်။ မဟာဝါဏိဇဇာတ်။)

ဤသို့ ဗုဒ္ဓရှင်တော်မြတ်မ ဆုံးမတော်မူသည်နှင့်အညီ ရဟန်းတော်များသည် လာဘ်ကိုလိုလား၍ ဖြစ်စေ၊ အပူဇော်ခံပုဂ္ဂိုလ်တစ်ဆူ ဖြစ်လိုဖြစ်စေ၊ ထင်ပေါ်ကျော်ကြား လူသိများလို၍ဖြစ်စေ လောဘ။ အလိုသို့ လိုက်၍ သာသနာကို စော်ကားမော်ကား ပြုလိုစိတ်များကို မမွေးမြူမိဖို့ လိုပေသည်။

အကယ်၍ လောဘအလိုလိုက်၍ သာသနာကို စော်ကားတိုက်ခိုက်လာပါက ညောင်ပင်စောင့် နဂါး ထက်ထက်သော သာသနာစောင့်ဓါးတစ်လက်အောက်မှာ ပက်ပက်စက်စက် ခံသွားရမည်ဆိုသည် ကိုကား မမေ့အပ်သင့်ပေ။

၁၁-၃-၂၀၁၀။

ရည်ညွှန်းရာ

ပတိဏ္ဏကနိပါတ်။ မဟာဝါဏိဇဇောတ်။

ဒုကနိပါတ်။ ဂူထင်ပါဏဇာတ်။

ကျောက်သင်္ဘောဝါဒ ၀ိနိစ္ဆယ

ထေရ၀ါဒ ဆိုင်းဘုတ်အောက်မှာ အမှားဝင်္ကပါ။ (၀ိဘဇ္ဇ၀ါဒီ)

မြစ်ကြီးနားဝိစိတ္တသာရ ၀ိနိစ္ဆယ။

မိုးပြာအရှင် ဉာဏအတွက် စောဒနာချက်များ။

မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်။