Buddha FM သီချင်းလိုင်း (အသုံးမပြုသေးပါ)

http://209.212.144.155/BDFM1

Click လုပ်ပြီး နားထောင်

Lastest New Technology နဲ့မိတ်ဆက်လိုက်ပါပြီ

Mozzila မှာ မရပါက Google Crome နဲ့ တစ်ခြား ဘလောက်ဇာတွေမှာ နားဆင်ကြည့်နိုင်ပါတယ်။ မကြာမှီမိတ်ဆက်ပါမယ်။

http://www.buddhafm.tv

Winamp windows Media Player Real Player QuickTime

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

Showing posts with label ဆရာတော် ဦးဇောတိက. Show all posts
Showing posts with label ဆရာတော် ဦးဇောတိက. Show all posts

ဒေါသဖြစ်ရင် အဆိပ်သင့်သလို

Monday, September 27, 2010

(ဒေါသကိုနားလည်ပါ စာအုပ်မှ )
ဘုရားဟောထားတာရှိတယ်။

" သဒေါသံဝါ စိတ္တံ၊ သဒေါသံ စိတ္တန္တိ ပဇာနာတိ " တဲ့။ " ဒေါသနှင့်တကွဖြစ်သော စိတ်ကို ဒေါသနှင့် တကွဖြစ်သော စိတ် ဟူ၍ သိ၏" တဲ့။ ဒီထက်ရိုးအောင်၊ ရှင်းအောင်ပြောရရင် " ဒေါသစိတ်ကို ဒေါသစိတ်ဟူ၍ သိ၏" တဲ့။ ဒေါသစိတ်ကိုလို့ ဆိုကတည်းက ငါ့ဒေါသလို့ မဆိုလိုဘူးနော်- ငါမဟုတ်ဘူး။ ဒေါသကို ကြည့်တတ်တဲ့ အလေ့အကျင့်ကို များများလုပ်လာလို့ရှိရင် တစ်ခါတစ်လေ ဒေါသစိတ်ကလေး နည်းနည်းလေး ပေါ်လာတာနဲ့ ချက်ချင်း မြင်လိုက်တဲ့အခါ၊ ကိုယ်က မဖန်တီးဘဲနဲ့ဖြစ်လာတာပါလား ဆိုတာ ကောင်းကောင်း သိတယ်။ အလိုမကျတာနဲ့ တွေ့တဲ့အတွက်ကြောင့် ဗြုန်းခနဲဒေါသစိတ်ကလေးတစ်ခု ပေါ်လာတယ်။ အဲဒီလို မြင်လိုက်တဲ့အခါ ဒီဒေါသဟာ ငါ မဟုတ်ပါလားဆိုတာ ပိုရှင်းတယ်။ ငါမဟုတ်တဲ့ ဒေါသကို မြင်လိုက်တယ်။ ဒေါသနဲ့ ငါနဲ့ တခြားစီဖြစ်သွားရင် ဒီဒေါသကို ကိုင်တွယ်ရတာ၊ အင်မတန် လွယ်သွားတယ်။ဒါကို သဘောပေါက်ဖို့ အင်မတန် အရေးကြီးတယ်။
ဘယ်လို ကိလေသာဖြစ်ဖြစ်၊ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ မာနဖြစ်ဖြစ် ငါဆိုတဲ့ သက္ကာယ ဒိဋ္ဌိ ရဲ့ အထောက်အပံ့ကို မရရင်သူ သိပ်အားမကြီးဘူး။ ဖြစ်ကြောလည်း မရှည်ဘူး။ မြန်မြန်နဲ့ ပြေသွားတယ်။
ကြောက်တာ၊ စိုးရိမ်တာ၊ ပူပန်တာ၊ သောက ဖြစ်တာလည်း ဒေါသတစ်မျိုးပဲနော်၊ ဒေါသ ဆိုလို့ စိတ်ဆိုးတာ တစ်ခုတည်းလို့မယူဆပါနဲ့။ ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်လို့ ဖြစ်ဖြစ်၊ အလုပ်အကိုင်နဲ့ ပတ်သက်လို့ ဖြစ်ဖြစ် တစ်ခုခု နဲ့ ပတ်သက်လို့ ကြောက်တာ၊ စိုးရိမ်တာ၊ ပူပန်တာ အားလုံးဟာ ဒေါသဘဲ။ အဲဒီတော့ ဒေါသဖြစ်တဲ့ အခါ ကိုယ့်ခန္ဓာကိုယ် မှာဘယ်လို ခံစားရသလဲ၊ သေသေချာချာကြည့်ပါ။ ခန္ဓာကိုယ် ပူလာတယ်။ ချွေးတွေ ပြန်လာတယ်။ အသက်ရှူ မြန်လာတယ်။ နှလုံးခုန် မြန်လာတယ်။ အဲဒီအချိန်မှာ စိတ်ကလည်း မငြိမ်တဲ့အတွက်ကြောင့်စဉ်းစားတာ၊ တွေးခေါ်တာ တွေဟာ အေးအေးဆေးဆေး အစီစဉ်တကျမဖြစ်တော့ဘူး။ ယောက်ယက်ခတ်ပြီးတော့ ဟိုရောက် ဒီရောက်ဖြစ်တယ်။ အစီစဉ်မရှိတော့ဘူး။ တကယ်လုပ်သင့်တာ၊ ဦးစားပေးသင့်တာကို မလုပ်တော့ဘဲ၊ စိတ်လိုက်မာန်ပါနဲ့ မလုပ်သင့်တာတွေ လုပ်မိတယ်။ မပြောသင့်တာတွေ ပြောမိတယ်။
ဒေါသဖြစ်တာဟာ အဆိပ်ကို မြိုတာနဲ့တူတယ်။ ဒေါသဖြစ်ရင် ခန္ဓာကိုယ်ရော၊ စိတ်ပါ အဆိပ်သင့်သလို ဖြစ်သွားတယ်။ ဒေါသဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ ဓာတ်အပြောင်းအလဲဖြစ်တယ်။ခန္ဓာကိုယ် ပျက်ဆီးမှုနှုန်း ပိုများလာတယ်။ ဒါကြောင့် ဒေါသများများ ဖြစ်ရင်မြန်မြန်အိုတယ် ။
ဒေါသဟာ လေးဘက်လေးတန် အရပ်မျက်နှာအားလုံးပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်။ ဒေါသ ဖြစ်နေတဲ့အခါ ကြည့်ရတာမကောင်းတော့ဘူး။ မျက်စိ ရဲ့ မြင်နိုင်စွမ်း လျော့သွားတယ်၊ ဒါကြောင့် ဒေါသကြီးလွန်း တဲ့အခါ ဘာမှမမြင်တော့ဘူး။ မှောင်သွားတယ် လို့ တချို့ပြောကြတယ်။ အကြောက်လွန်တာလည်းတူတူပါဘဲ။
ဒေါသ ဖြစ်နေတဲ့အခါ နားကလည်းကောင်းကောင်းမကြားတော့ဘူး ၊ ဒါကြောင့် နားကြား လွဲတတ်တယ်။ ဒေါသ ဖြစ်နေတဲ့အခါ စားချင်သောက်ချင်စိတ်မရှိဘူး၊ စားရင်လည်းစားလို့မကောင်းဘူး။ အရသာကို ကောင်းကောင်းမသိဘူး။ အနံ့ကိုလည်း ကောင်းကောင်းမသိဘူး။ ဒါကြောင့်ဒေါသ ဖြစ်နေတုန်းမှာ ထိခိုက်ဒါဏ်ရာရရင်မနာဘူး။ ဒေါသ ပြေသွားတဲ့အခါ ကျမှ နာတယ်။ ဒေါသဖြစ်နေရင်အိပ်လို့ မပျော်ဘူး၊ အိပ်ရေး ပျက်တယ်။ အကြောင်းတစ်ခုခုကြောင့် တစ်ယောက်ယောက်ကို ဒေါသ ဖြစ်နေရင်ဘာမှမဆိုင် တဲ့သူတွေကိုပါဒေါသနဲ့ ပြောမိတတ်တယ်။ ဘာမှ အပြစ်မရှိတဲ့ သူဟာ သူ့ကိုဒေါသ ကြီးကြီးနဲ့အော်တာ ငေါက်တာ ကိုခံရတဲ့ အခါ ဘာမှ အပြစ်မရှိပဲ မတရားခံရလို့ စိတ်ပျက်နာကြည်းသွားမယ်။
ဒေါသ ဟာ ကိုယ့်အကျိုးရော သူတပါး အကျိုးကိုပါမသိ တော့ဘူး ၊ မမြင်တော့ဘူး ။
"ဒေါသော အတ္တံ နဇာနာတိ ၊ ဒေါသော ဓမ္မံ နပဿတိ "
ဒေါသ ဟာ အကျိုးကို လည်း မသိဘူး ၊ အကြောင်းကိုလည်း မမြင်ဘူး။
ဒေါသ က ဆင်ခြင်နိုင်တဲ့ စွမ်းရည်ကို ဓားပြတစ်ယူသွားတယ်။ ပြောသင့်တယ်၊ မပြောသင့်ဘူး ဆိုတာ မဆင်ခြင်နိုင်တော့ဘူး။လုပ်သင့်တယ်၊ မလုပ်သင့်ဘူး ဆိုတာကိုလည်း မသိတော့ဘူး၊ အကျိုးရှိတယ်၊ အကျိုးမရှိဘူး ဆိုတာလည်း မသိတော့ဘူး။
ဒေါသ ဖြစ်လာရင် စနစ်မရှိတော့ဘူး။ discipline မရှိတော့ဘူး။ စည်းကမ်းမရှိတော့ဘူး။ ဒေါသ က ကိုယ့်ကို စနစ်မရှိတဲ့ သူ၊ စည်းကမ်းမရှိတဲ့ သူ ဖြစ်အောင်လုပ်တယ်။
ဒေါသ နည်းသွားရင်ကြောက်တာ၊ စိုးရိမ်တာ နည်းသွားတယ်။ ဒေါသ ဖြစ်တာကို သိတာ များလာလေလေ ဒေါသ နည်းသွားလေလေဘဲ။ ကြောက်တာ၊ စိုးရိမ်တာ ကို သိလေလေ ကြောက်တာ စိုးရိမ်တာ နည်းသွားလေလေဘဲ။ အဲဒါ တကယ် လက်တွေ့ လုပ်ကြည့်မှပဲသိမယ်။

အကြောင်းရင်းက ငါ့အတွင်းမှာ

Sunday, July 18, 2010

လောကဓံတရားတစ်ခုနဲ့ ကြုံရတဲ့အခါ (လူတစ်ယောက်က ကိုယ့်ကို တင်စီးပြီး ပြောသွားတယ်၊ အနိုင်ကျင့်ပြီး ပြောသွားတယ်၊ ဒါလည်း လောကဓံတရားတစ်ခု။) စိတ်ထဲမှာ စိတ်ဆင်းရဲသွားတယ်။ အဲဒီလူကို စိတ်ဆိုးသွား တယ်၊ မုန်းသွားတယ်။ အဲဒီအချိန်မှာပါ သတိရှိဖို့ လိုတယ်။ ဒီသင်ခန်းစာထဲက ဒီအတွေ့အကြုံထဲကလည်း
အသိဉာဏ်ကို ထုတ်ယူရမယ်။
အဲဒီလို အသိဉာဏ်ကို ထုတ်ယူတဲ့အခါမှာ သူ ဘာမှားသလဲဆိုတာကိုနောက်မှ စဉ်းစားပါ။ သူဘာမှားသလဲ ဆိုတာ သိဖို့ လိုပါတယ်။ မလိုဘူးလို့ မဆိုလိုဘူးနော်။ သို့သော် ပထမ အရေးကြီးဆုံးက ငါဘာမှားသွားသလဲ ဆိုတာသိဖို့လိုပါတယ်။ ကိုယ့်ဘက်က ဘယ်လိုသဘောထားမျိုး ရှိနေသလဲ။ ဘာကြောင့် ငါစိတ်ဆင်းရဲ သွားရတာလဲ။ ငါ စိတ်ဆင်းရဲသွားရတဲ့ အကြောင်းရင်းဟာ ငါ့အတွင်းမှာ ရှိနေတယ်။ အဲဒါကို အရင်ဆုံး မြင်အောင် ကြည့်ရမယ်။ အဲသလို ကြည့်တာဟာ ကိုယ့်အတွက် အကျိုးများဆုံးပဲ။ နောက်မှ သူ့ဘက်က ဘာမှားသွားလဲဆိုတာ ကြည့်ပါ။ သူ့သဘောထား ဘယ်လိုရှိသလဲ။ ပြန်ကြည့်ပါ။ သူ့ကိုလည်းပဲ ပုဂ္ဂိုလ် သတ္တဝါအနေနဲ့ လူတစ်ယောက် အနေနဲ့ မှတ်ပြီးတော့ မကြည့်ဘဲနဲ့ ခန္ဓာငါးပါးအစုအဝေးအဖြစ်နဲ့ ကြည့်ပြီးတော့ သူ့စိတ်ထဲမှာ ဘယ်လိုကိလေသာမျိုး ဖြစ်နေလို့ သူ ဒီစကားကို ပြောတာပဲ။ အဲဒီ သူ့စိတ်ထဲဖြစ်တဲ့ ကိလေသာကို မြင်အောင် ကြည့်ပါနော်။ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့ ကိလေသာကိုလည်း မြင်အောင်ကြည့်ရတယ်။ မာနကို ကြည့်ရတယ်နော်။ သူ့ဘက်ကလည်းပဲ တင်စီးချင်တဲ့သဘော အနိုင်ကျင့်ချင် တဲ့သဘော ဖြစ်နေတဲ့ ကိလေသာသဘောကို မြင်အောင် ပြန်ကြည့်ရတယ်။ ဒိကိလေသာကြောင့် ဒီစိတ်ကြောင့် သူ့ ဒီလိုပြောလိုက်တာ။
နောက်ပြီးတော့ သူ အဲဒီလို လုပ်လိုက်တော့ သူ့မှာရော မထိခိုက်ဘူးလား။ ထိခိုက်တယ်။ ကိုယ့်ဘက်က သူ့ကို နောက်တစ်ခါမှာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဖို့ကို နဲနဲ ဝန်လေးသွားတယ်။ သူ့ကိုရှောင်ချင်လာတယ်။ သူ့မှာ မိတ်ဆွေကောင်းလျော့သွားတယ်။ ဒါကြောင့် ဘုန်းကြီးကတော့ အဲဒီတပည့်ကို သတိပေးပါတယ်။ 'အဲဒီလူနဲ့ ပြန်ပြီးတော့ ပြေလည်အောင် ကြိုးစားပါ။' အချိန်တော့ ကြာချင်ကြာမယ်နော်။ လူတစ်ယောက်နဲ့ မပြေမလည် ဖြစ်လိုက်တိုင်း ဖြစ်လိုက်တိုင်း ကိုယ့်လောကကြီးက နဲနဲကျဉ်းသွားတယ်။ လူတစ်ယောက်ကို ကိုယ့်ဘဝထဲကနေ ထုတ်ပယ်လိုက်တိုင်း ထုတ်ပယ်လိုက်တိုင်း ကိုယ့်လောကဟာ ကျဉ်းသွားတယ်။ အဲဒီလို ထုတ်ပယ်ရတာတွေ များလာလို့ရှိရင် ကိုယ့်ဘဝဟာ ကြာလေကျဉ်းလေ ဖြစ်သွားလိမ့်မယ်။
တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှုဆိုတာ ဖြစ်ရိုးထုံးစံပါ။ မိဘနဲ့သားသမီးတောင်
ဖြစ်သေးတာပဲ။ တစိမ်းနဲ့ဆိုတာ ပြောဖွယ်ရာ မရှိတော့ဘူး။ အဆင်မပြေမှု ဖြစ်ခဲ့ပေမဲ့လည်း
ဒီအထဲက သင်ခန်းစာကို ယူပြီးတော့ သဘောထားကြီးကြီးနဲ့ ပြန်ပြီးတော့ပြေလည်အောင် ဆက်ဆံပါ။
This is not too difficult and when we have learnt to experience pain without hurt we have gained something in the art of living.
အဲဒီလို လောကဓံတရားနဲ့ ကြုံရတဲ့အခါမှာ စိတ်ဆင်းရဲမှု ကြီးကြီးမားမား မဖြစ်အောင် နေတတ်သွားပြီးဆိုရင် ဘဝမှာ နေနည်း အတတ်ပညာကို နဲနဲတော့ တတ်သွားပြီ။

သဲပေါ်မှာ စာရေးလိုက်သလိုတော့ ဖြစ်နိုင်ပါတယ်။

Thursday, July 15, 2010

တပည့်တွေ အများကြီးရှိတယ်။ တချို့ဆိုရင် (၁၀)နှစ်လောက်ရှိပြီ တရားအားထုတ်လာတာ။ အခု တော်တော်ကို နေတတ်နေပြီ။ ဥပမာဆိုပါတော့-ပြီးခဲ့တဲ့လက တပည့်လေးတစ်ယောက်က ပြောတယ်။ (သူ အလုပ်တွေ အများကြီး လုပ်ပါတယ်။ ခုခေတ်က တော်တော် ကြိုးစားရပါတယ်။ အဲဒီတော့ အခက်အခဲတွေက ကြုံရတယ်။ ဆက်ဆံရေး တွေကလည်း တော်တော်လေး အဆင်မပြေမှုတွေ ရှိတယ်။) တစ်နေ့ မနက်ပိုင်းမှာ သူနဲနဲ စိတ်ဆင်းရဲစရာ ကြုံလိုက်တယ်။ စိတ်ဆိုးမိတယ်။ ညနေဘက်ကျတော့ သူ အဲဒါကို ပြန်စဉ်းစားတယ်။ မနက်ကငါ စိတ်ဆိုးမိတယ်၊ တစ်ယောက်ယောက်ကို။ ဒါပေမဲ့ ဘယ်သူ့ကိုလဲ။ ဘာကြောင့်လဲဆိုတာသူ မသိတော့ဘူး။ မေ့သွားတယ်။ အဲဒီတော့ သူက အေးအေးဆေးဆေး ထိုင်ပြီးတော့ မနက်ကဖြစ်ခဲ့တဲ့ ကိစ္စတွေကို တစ်ခုချင်း ပြန်စဉ်းစားတယ်။ ဘယ်ကို သွားတယ်၊ ဘယ်သူနဲ့ တွေ့တယ်၊ ဘာပြောတယ်။ တဖြည်းဖြည်း ပြန်ဖော်တဲ့ အခါကျတော့ ပေါ်လာတယ်။ သူ ဒီလိုပြန်ဖော်တာ ရည်ရွယ်ချက်က ဘာလဲဆိုတော့ အဲဒီ ဖြစ်ခဲ့တဲ့ ကိစ္စထဲက သင်ခန်းစာ လိုချင်လို့။ သူက အခက်အခဲထဲက သင်ခန်းစာကို အမြဲတမ်းယူလေ့ရှိတဲ့သူ ဖြစ်တယ်။ သင်ခန်းစာ လိုချင်လို့ အဲဒီကိစ္စကို ပြန်စဉ်းစားပြီးတော့ ဖော်ကြည့်တယ်။ ဖော်ကြည့်တော့ အော်- သူက ငါ့ကို ဘယ်လို ပြောလိုက်တယ်။ ငါ့ကို နဲနဲတင်စီးပြီး ပြောသွားတယ်။ အနိုင်ကျင့်ပြီးတော့ ပြောသွားတယ်။ ပြောတဲ့သူက ကြီးတဲ့လူ ဖြစ်နေတော့ ရွယ်တူချင်းပြောသလို ပြန်ပြောလို့ မဖြစ်ဘူး။ မဖြစ်တော့ တော်တော်ပဲ ခံရခက်သွားတယ် ဆိုပါတော့။ သူ သေသေချာချာ ပြန်သုံးသပ်ကြည့်တော့ သူ့ဘက်ကလည်း မာနနဲနဲရှိနေတယ် ဆိုတာကို သူ တွေ့ရတယ်။ ကိုယ့်မာနက နာသွားတာနော်။ ဘယ်သူ နာတာတုန်း။ မာနက နာသွားတာနော်။ ငါ့ကို သူက ဒီလိုပြောရသလား။ ဒီမာနလေးကို ပြန်ကြည့်ပြီးတော့ မာနလေးကို မြင်ရတယ်။ သတိနဲ့ကြည့်တော့ တဖြည်းဖြည်း ပြေသွားရောနော်။ အမှန်တော့ နာသွားတာဟာ ကိလေသာက နာသွားတာ။ တခြားနာစရာ ဘယ်သူမှ မရှိဘူး။ နာစရာ ပုဂ္ဂိုလ်သတ္တဝါ မရှိဘူးနော်။ ဒီတပည့်လေးဟာ အဲဒီ ပြောနေတုန်းမှာ နားထောင်နေတုန်းမှာ စိတ်ဆိုး နေတုန်းမှာတောင်မှ သူက သတိလေး ရှိနေတယ်တဲ့။ သတိလေး ရှိတော့ တေးထားတဲ့သဘောမျိုး မရှိဘူး။ ပြီးပြီးပျောက်ပျောက် နေနိုင်တယ်။ ဘုရားဟောထဲမှာ ဥပမာလေးတစ်ခု ရှိတယ်။ တချို့လူတွေရဲ့စိတ်ဟာ ကျောက်ပြားပေါ်မှာ သံချောင်းနဲ့ ခြစ်ထားတဲ့ စာလိုပဲ။ အထပ်ထပ်အခါခါ ခြစ်ပြီးတော့ ရေးထားတာ။ ကျောက်ထက်မှာထွင်းထားတဲ့ စာလိုပဲ။ ကျောက်မှာ စာထွင်းထားရင် ဘယ်လောက်ကြာကြာ ခံမလဲ။ အင်မတန် ကြာမှာနော်။ နှစ်ပေါင်း ထောင်နဲ့ချီပြီးတော့တောင်မှ ကြာချင် ကြာမယ်။ တချို့လူတွေရဲ့ စိတ်ဟာ သဲပေါ်မှာ စာရေးသလိုပဲ။ သဲပေါ်မှာ အရုပ်ရေးသလိုပဲ။ ဘယ်လောက်ကြာကြာ ခံမှာလဲ။ ခဏပဲ။ တော်ကြာ လေတိုက် လိုက်ရင် သဲတွေက လွင့်ပါသွားမယ်။ ဖုံးသွားမယ်။ အဲ...တချို့လူတွေရဲ့ စိတ်ကတော့ ရေပေါ်မှာ စာရေးသလိုပဲ။
ဘယ်လောက်ကြာကြာ ခံမှာလဲ။ ရေးလို့ကို မရဘူး။ အရာကို မထင်တာနော်။ အဲဒီလောက်အထိ ဖြစ်နိုင်မယ် ဆိုရင်တော့ အင်မတန် ကောင်းတာပေါ့။ သို့သော် ဖြစ်ဖို့တော့ တော်တော်မလွယ်ပါဘူး။ သို့သော် ဒုတိယတန်းစား လောက်ကတော့ ဖြစ်နိုင်ပါတယ်။ သဲပေါ်မှာ စာရေးလိုက်သလို။ ဒီလောက်တော့
ဖြစ်နိုင်ပါတယ်။

ဘဝထဲ ရောက်လာအောင် အားထုတ်မယ်ဆိုရင်

Sunday, July 11, 2010

We cannot expect to go through life without being confronted with pain.
ဒုက္ခနဲ့ မကြုံရဘဲနဲ့ ကိုယ်ဆင်းရဲမှု မကြုံရဘဲနဲ့ ဘဝခရီးကို ဖြတ်သန်းသွားလို့ မရပါဘူး။
Through our meditative practice we can learn to experience pain without hurt.
တရားအားထုတ်ခြင်းအားဖြင့် စိတ်ဓာတ်တည်ငြိမ်မှု၊ အေးချမ်းမှု၊ ရင့်ကျက်မှု ရလာမယ်။ ဝိပဿနာဉာဏ်တွေ ရင့်ကျက်လာမယ်ဆိုရင် ဒုက္ခနဲ့ ကြုံရပေမဲ့ စိတ်ဆင်းရဲမှု သိပ်မဖြစ်တော့ဘူး။ ဒီမှာ pain ဆိုတာနဲ့ hurt ဆိုတာ စကားလုံးနှစ်လုံး ပါတယ်နော်။ pain ဆိုတာက ပြင်ပဒုက္ခလို့ အဓိပ္ပာယ်ကောက်ပါ။ hurt ဆိုတာက စိတ်ဆင်းရဲမှုလို့ အဓိပ္ပာယ်ကောက်ပါ။
ဘုရားဟောထားတာကလည်း တစ်ခုရှိတယ်။ နကုလပိတာကို ဟောတာ။ "အာတုရ ကာယဿ မေ သတော၊ စိတ္တံ အနာတုရံ ဘဝိဿတိ။" "ကိုယ်မှာပင် နာကျင်သော်လည်းပဲ စိတ်မှာ မနာကျင်အောင် နေမယ်။" လို့ ကျင့်ပါတဲ့။
ခန္ဓာကိုယ် ဆင်းရဲမှုတွေလည်း ရှိမယ်၊ ပတ်ဝန်းကျင်မှာလည်း တခြားကိစ္စတွေ အဆင်မပြေတာတွေလည်းပဲ ရှိမှာပဲနော်။ အဲဒီလို အဆင်မပြေမှု ရှိသော်လည်းပဲ စိတ်မှာ လွန်လွန်ကဲကဲ ပင်ပန်းမှု ဆင်းရဲမှု မဖြစ်အောင် နေတတ်ရင် ရတယ်။
ဒါပေမဲ့ အဲဒါက တရားအားထုတ်မှ ဖြစ်မှာ။ ဒါကြောင့် Through our meditative practice...လို့ ပြောတာနော်။ တရားအားထုတ်ခြင်းအားဖြင့် ဘဝမှာ အခက်အခဲတွေ ဒုက္ခတွေ ကြုံရသော်လည်းပဲ စိတ်ဆင်းရဲမှု ကြီးကြီးမားမား မဖြစ်ဘူး။ မဖြစ်အောင်နေလို့ ရတယ်။
This is not so difficult.
ဒါ သိပ်မခက်ပါဘူး။
အဲသလို ပြောတော့၊ ဟုတ်ပါ့မလားလို့ မေးလိမ့်မယ်နော်။ တရားကို သဘာဝကျကျ နေ့စဉ် ဘဝထဲမှာ ရောက်လာအောင် အားထုတ်မယ်ဆိုရင် သိပ်မကြာပါဘူး၊ နေတတ်လာပါတယ်။

အခက်အခဲဟာ တိုးတက်ဖို့ရာ အကြောင်း

Friday, July 9, 2010

Life is a series of test,
ဘဝဆိုတာဟာ စာမေးပွဲအဆင့်ဆင့်ပဲ။
နေ့တိုင်း စာမေးပွဲ အစစ်ခံနေရတာနော်။ ဒါကြောင့် ဘဝဆိုတဲ့ကျောင်းဆိုတဲ့ တရားလေးကို ဘုန်းကြီး ဟောခဲ့တာ။ ဘဝဆိုတာ ကျောင်းပါ။ နေ့တိုင်း သင်ခန်းစာတွေ ရနေတယ်။ နေ့တိုင်း စာမေးပွဲတွေ စစ်နေတယ်။
but if you pass your test, you look back upon them as good experiences.
စာမေးပွဲ အောင်သွားလို့ရှိရင်တော့ အဲဒီအခက်အခဲတွေကို အဲဒီအတွေ့အကြုံတွေကို အင်မတန် ကောင်းတယ်၊ အင်မတန် အကျိုးများတယ်လို့ ပြန်မြင်၇တယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ၊ အခက်အခဲ တစ်ခုခုကို တကယ် အကောင်းဆုံးနည်းနဲ့ ဖြေရှင်းလိုက်လို့ အခက်အခဲ ပြေလည်သွားတဲ့အခါမှာ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။ ပိုပြီးတော့ လူကြီးဆန်တဲ့ စိတ်ဓာတ်မျိုးကို ခံစားရတယ်နော်။ ပိုပြီးတော့ ရင့်ကျက်သွားတဲ့ ခံစားမှုမျိုးကို ရတယ်။ ပိုပြီးတော့ မြင့်မြတ်သွားတဲ့ ခံစားမျိုးကို ရတယ်။
Concealed in every new situation we face there is spiritual lesson to be learned and a spiritual blessing for us if we learn that lesson.
အတွေ့အကြုံတိုင်းရဲ့ နောက်ကွယ်မှာ မြင့်မြတ်တဲ့ သင်ခန်းစာရှိတယ်။ အဲဒီသင်ခန်းစာကို ကိုယ်က ရလိုက်တယ် ဆိုရင် ကိုယ့်အတွက် အဲဒါဟာ မင်္ဂလာတစ်ခု ပါပဲ။
blessing ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို မင်္ဂလာလို့ အဓိပ္ပာယ်ကောက်တယ်။ ဒါဖြင့် မင်္ဂလာဆိုတဲ့ အဓိပ္ပာယ် ကကော ဘာလဲလို့မေးရင် ဘယ့်နှယ်ဖြေမလဲ။ မင်္ဂလာဆိုတဲ့ အဓိပ္ပာယ်က ရိုးရိုးပြောရရင်တော့ အောင်မြင်ဖို့ ကြီးပွားဖို့ ပြည့်စုံဖို့ တိုးတက်ဖို့ရာ အကြောင်းတဲ့။
အဲဒီတော့ အခက်အခဲတစ်ခုကို ရင်ဆိုင်လိုက်တိုင်း ရင်ဆိုင်လိုက်တိုင်း၊ အတွေ့အကြုံတစ်ခုထဲက မြင့်မြတ်တဲ့ သင်ခန်းစာတစ်ခုကို ရလိုက်တိုင်း ရလိုက်တိုင်း ကိုယ့်အတွက် အဲဒါ တိုးတက်ဖို့၊ ကြီးပွားဖို့၊ ပြည့်စုံဖို့၊ အောင်မြင်ဖို့ရာအတွက် အကြောင်းတစ်ခု တိုးတက်လာပြီ။ ကိုယ်ဟာ ပိုပြီးတော့ အောင်မြင်တဲ့သူ ဖြစ်ပြီ။
It is good to be tested.
အစမ်းခံရတာ အစစ်ခံရတာ အင်မတန်ကောင်းပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်လောက်ကပဲ ဒကာမကြီးတစ်ယောက်က လာပြောတယ်။ (သူ့ဘဝမှာ ဒုက္ခတွေ တော်တော် များတယ် ထင်ပါတယ်။) 'အရှင်ဘုရား ဘဝဆိုတာ အစမ်းခံရတာများ ဖြစ်နေရော့လား' တဲ့။ မှန်ပါတယ်။ အစမ်းခံနေရတာပါပဲ။
It is good to be tested. We grow and learn through passing test.
စာမေးပွဲတွေကို အစစ်ခံပြီးတော့ အောင်မြင်သွားတဲ့အခါမှာ ပိုပြီးတော့ ဉာဏ်ကြီးတဲ့လူ ဖြစ်လာတယ်။ ကြီးပွား တဲ့လူ ဖြစ်လာတယ်။ အသိဉာဏ်ကော၊ စိတ်ဓာတ်ကော ကြီးပွားလာတယ်။
I looked upon all my tests as good experiences.
အစမ်းခံခဲ့ရတာတွေဟာ အားလုံးကောင်းပါတယ်လို့ပဲ မြင်လာမယ်။
ဘုန်းကြီးလည်း ငယ်ငယ်လေးကတည်းက လောကဓံတွေ အများကြီးကြုံခဲ့ရတာပဲ။ အခုပြန်ပြီးတော့ စဉ်းစားကြည့်တဲ့ အခါမှာ အဲဒါတွေ အားလုံးဟာ တော်တော် အကျိုးများပါတယ်။ အင်မတန် ကောင်းပါတယ်။

အခက်အခဲမရှိတဲ့ဘဝဟာ မြင့်မြတ်မှု ဖြစ်ဖို့ အခွင့်အရေးမရှိတဲ့ဘဝ

Thursday, July 8, 2010

The life without problems would be a barren existence without the opportunity for spiritual growth. ဘာအခက်အခဲမှမရှိ ဘာပြဿနာမှမရှိတဲ့ ဘဝဟာ ဘာနဲ့တူမလဲဆိုတော့ သစ်ပင် တောတောင် မရှိတဲ့ လွင်တီးခေါင်ကြီးနဲ့ တူတယ်။ အခက်အခဲမရှိတဲ့ဘဝဟာ စိတ်ဓာတ်နဲ့အသိဉာဏ် ရင့်ကျက်မှု မြင့်မြတ်မှု ဖြစ်ဖို့ အခွင့်အရေးမရှိတဲ့ ဘဝပဲ။ တစ်နည်းအားဖြင့်ဆိုရင် တော်တော် ပျင်းစရာ ကောင်းနေမှာပဲနော်။ ဒါကြောင့် ဒကာကြီးတစ်ယောက်က မေးတယ်။
Why is there so much dukka?  ဒုက္ခတွေ ဘာလို့ ဒီလောက်တောင် များတာလဲတဲ့။ အဲဒါကို နောက်တစ်ယောက်က ဘယ်လို ပြန်ဖြေလဲဆိုတော့ (အဲဒီအဖြေက ဘုန်းကြီး အဖြေ မဟုတ်ဘူးနော်၊ တခြားတစ်ယောက်က ဖြေတာ။) To thicken the plot. ဇာတ်လမ်းဇာတ်ကွက် ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းသွားအောင်၊ အလှည့်အကွေ့တွေ များလာအောင် ဒုက္ခဆိုတာဖြစ်ပေးရတာ တဲ့။ ဒါ သူဖြေတတ်သလို ဖြေလိုက်တာနော်။ ဒါပေမဲ့ ဒီထဲမှာလည်း စဉ်းစားစရာ ပါပါတယ်။ ဘာမှ အခက်အခဲမရှိတဲ့ ဘဝဟာ ဘာမှ စိတ်ဝင်းစားစရာ မကောင်းဘူး။ အခက်အခဲတွေ ဒုက္ခတွေ ဆိုတာဟာ ပိုပြီးတော့ စိတ်ဓာတ်ရင့်ကျက်လာဖို့၊ ပိုပြီးတော့ စိတ်နေ သဘောထား မြင့်မြတ်လာဖို့အတွက် အတွေ့အကြုံ အခွင့်အရေး ဖြစ်ပါတယ်။
ဓမ္မဒါန - ရွှေမန်းသူ

ပြဿနာကို ဖြေရှင်းပြီးတိုင်း ပိုပြီးတော့ လူကြီးဖြစ်လာဖို့။

Saturday, July 3, 2010

Some people wish for a life of no problems.
တချို့လူတွေက အခက်အခဲမရှိတဲ့ ဘဝမျိုးကို တောင့်တတယ်။
ဆုတောင်းကြတယ်- အခက်အခဲမရှိတဲ့ ဘဝမျိုး ရပါလို၏တဲ့။
ဒကာမကြီးတစ်ယောက်ရှိတယ်၊ တရားဝါသနာပါတယ်။ သူက ဘုန်းကြီးနဲ့
တွေ့တဲ့အခါ၊ သူ့ဆုတောင်းလေးကို ပြောပြတယ်၊ "တပည့်တော်တော့
ဆုတောင်းတယ်ဘုရား၊ ဖြစ်လေရာဘဝမှာ လူဆိုးတွေ၊ လူမိုက်တွေ၊
လူယုတ်မာတွေနဲ့ မတွေ့ရပါလို၏လို့ ဆုတောင်းပါတယ်" တဲ့။
ဆုတောင်းလေးက ကောင်းပါတယ်။ မကောင်းဘူးလို့ မဆိုလိုပါဘူးနော်။
ဒါပေမဲ့ တကယ့်လက်တွေ့ မျက်မှောက် ဖြစ်နေတဲ့ အခြေအနေကို ကြည့်ပါ။
လူဆိုး၊ လူမိုက်၊ လူယုတ်မာတွေနဲ့ လုံးလုံးကြီး ကင်းလို့ ရသလား။ မရနိုင်ပါဘူး။
သဘာဝကျတာကို စဉ်းစားပါ။ အဲဒီတော့ ဘုန်းကြီးက ဘယ်လို ပြန်ပြောလိုက်လဲ
ဆိုတော့ "ဒကာမကြီး ဆုတောင်းက ပြည့်နိုင်မယ် ဆိုရင်တော့ အင်မတန်ကောင်းပါတယ်။
ဒါပေမဲ့ ပြည့်နိုင်ဖို့ အလားအလာတော့ အလွန့်အလွန်နဲပါတယ်" လို့။
မြတ်စွာဘုရားတောင်မှ အဲဒီဆုတောင်း မပြည့်ခဲ့ပါဘူးနော်။ မြတ်စွာဘုရားကို
အပြစ်တင်တဲ့လူတွေ၊ ကဲ့ရဲ့တဲ့လူတွေ စွပ်စွဲတဲ့သူတွေ၊ အသက်အန္တရာယ်တောင်
ဖြစ်အောင်လုပ်တဲ့သူတွေ၊ ရှိခဲ့တာပါပဲ။ ဘုရားတောင် မပြည့်တဲ့ဆုကို ဘယ်သူက
တောင်းလို့ ပြည့်သွားမယ်ထင်တုန်း။ မပြည့်နိုင်ဘူးနော်။
ဒါကြောင့် ဘုန်းကြီးက ဘယ်လိုပြန်ပြောရလဲဆိုတော့ "ဒကာမကြီး ဆုတောင်းလေးကို
ပြင်နိုင်မယ် ဆိုရင်တော့ တော်တော်ကောင်းမယ်။ အဲဒီ လူဆိုးတွေ လူမိုက်တွေ
လူယုတ်မာတွေ (သူ ပြောသလိုပဲ) နဲ့ တွေ့ရတဲ့အခါမှာ သူတို့ ဆိုးသလို မိုက်သလို
ယုတ်မာသလို ကိုယ်က လိုက်မလုပ်မိဖို့ အရေးကြီးတယ်။ သူတို့နဲ့ တွေ့ရတဲ့အခါမှာ
ကိုယ့်အတွက်လည်း အန္တရာယ် မရှိအောင် နေတတ် ထိုင်တတ်ဖို့နဲ့ သဘောထားကြီးဖို့၊
ခွင့်လွှတ်နိုင်ဖို့၊ အဲဒီလို ဉာဏ်ပညာမျိုး ရင့်ကျက်မှုမျိုး ရပါလို၏လို့ တောင်းရင်တော့
ပိုကောင်းမယ်ထင်တယ်။"
ကိုယ့်ကိုယ်ကို ကိုယ်ပဲ တာဝန်ယူမှ ရတယ်နော်။ သူတို့ မရှိရင်ကောင်းမှာပဲလို့
တွေးလို့မဖြစ်ဘူး။ သူတို့ကတော့ ရှိနေမှာပဲ။ သူတို့မရှိတဲ့နေရာ သွားနေမယ်ဆို
တော့လည်း ဘယ်နေရာမှာ သွားနေမှာလဲ။ အဲဒီနေရာမျိုး ဘယ်မှာရှိလဲ။ မရှိဘူး။
အဲဒါကြောင့် ကိုယ့်အတွင်းစိတ်ဓာတ်ကိုပဲ ပိုပြီးတော့ အသိဉာဏ် ကြီးအောင်၊
ပိုပြီးတော့ ရင့်ကျက်အောင် လုပ်နိုင်တဲ့သူ ဖြစ်ရပါလို၏လို့ တောင်းမယ်ဆိုရင်တော့
ပိုကောင်းမှာပဲ။
ဒီဘုန်းကြီးကတော့ အဲဒီလို အခက်အခဲမရှိတဲ့ ဘဝမျိုးကို ဘယ်တော့မှ
မတောင့်တပါဘူး။
အခက်အခဲတွေကို များများရင်ဆိုင်ပြီးတော့ သတိကြီးကြီး၊ ဉာဏ်ကြီးကြီး၊
သဘောထားကြီးကြီးနဲ့ ဖြေရှင်းနိုင်တဲ့သူ၊ ကျော်လွှားနိုင်တဲ့သူပဲ ဖြစ်ရပါလို၏။
But I would never wish such a life for any of you. What I wish for
is the great inner strength to solve your problems meaningfully and grow.
အခက်အခဲမရှိတဲ့ဘဝ သက်သက်သာသာနေရတဲ့ ဘဝမျိုးကို ရပါစေလို့ ဘယ်သူ့အတွက်မှ
ဆုမတောင်းဘူး။ ကိုယ့်ဘဝမှာ တွေ့ကြုံလာတဲ့ အခက်အခဲတွေကို စိတ်ဓာတ်အင်အားကြီးကြီး၊
ဉာဏ်အင်အားကြီးကြီးနဲ့ ရင်ဆိုင်ပြီးတော့ကျော်လွှားနိုင်ဖို့၊ ပြဿနာကို ဖြေရှင်းနိုင်တဲ့နေရာမှာ
အဓိပ္ပာယ်ရှိရှိ ဖြေရှင်းလိုက်ပြီးတိုင်း ပိုပြီးတော့ အသိဉာဏ်ကြီးတဲ့သူ၊ သဘောထားကြီးတဲ့သူ
ဖြစ်လာဖို့ လူကြီးဖြစ်လာဖို့ အဲဒီလို ဆုမျိုးပဲ တောင်းချင်ပါတယ်။
ကိုယ့်တစ်ဦးတည်း အဆင်ပြေဖို့ မဟုတ်ဘူး။ အားလုံးအတွက် အဆင်ပြေသွားအောင်
ပြဿနာကို ဖြေရှင်းပေးဖို့ လိုသေးတယ်နော်။
ပြဿနာကို ဖြေရှင်းပြီးတိုင်း ဖြေရှင်းပြီးတိုင်း ပိုပြီးတော့ အသိဉာဏ်ကြီးတဲ့သူ၊
သဘောထားကြီးတဲ့သူ ဖြစ်လာဖို့၊ လူကြီးဖြစ်လာဖို့။
ပြဿနာဟာ လူတစ်ယောက်ကို ပိုပြီးတော့ လူကြီးဖြစ်အောင် စမ်းပေးတဲ့ စာမေးပွဲနဲ့
တူပါတယ်။
Problems are learning and growing experiences.
ပြဿနာတွေ၊ အခက်အခဲတွေ၊ ဒုက္ခတွေ ဆိုတာဟာ ပညာရဖို့နဲ့ အသိဉာဏ်ကြီးဖို့ရာ
အတွေ့အကြုံတွေပါပဲ။
အဲဒီအတွေ့အကြုံမျိုး မရှိရင်၊ အဲဒီပညာ မရနိုင်ဘူး။ အဲဒီအသိဉာဏ် စိတ်ဓာတ်မျိုး
မရနိုင်ဘူး။ ရင့်ကျက်မှု မရနိုင်ဘူး။

အားရစရာကောင်းတဲ့ နေ့ထူးနေ့မြတ်ကြီး

Friday, July 2, 2010

There was a time when I thought it was a nuisance to be confronted with a problem.
တချိန်တုန်းက အခက်အခဲတွေ၊ ပြဿနာတွေနဲ့ တွေ့ကြုံနေရတာဟာ သိပ်စိတ်အနှောင့်အယှက် ဖြစ်တာပဲ၊ သိပ်ဒုက္ခများတာပဲ၊ မကျေနပ်စရာကြီးပါလို့၊ ဒီလို တွေးခဲ့ဖူးပါတယ်။ တွေးခဲ့ဖူးတယ်ဆိုတဲ့ စကားကို ပြန်စဉ်းစားလိုက်ရင် အခု အဲဒီလို မတွေးတော့ဖူးဆိုတာ ပါနေပြီနော်။
ပြဿနာကို နားမလည်နိုင်ရင် မဖြေရှင်းနိုင်ရင် ပြဿနာကို ပိုကြောက်တယ်။ ပြဿနာကို နားလည်လာရင် ပြဿနာကို မကြောက်တော့ဘူး။ ပြဿနာတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းရတာဟာ လူ့ဘဝမှာ လုပ်ရိုး လုပ်စဉ်လုပ်ရမယ့်ကိစ္စလို့ နားလည်လာတယ်။
I tried to get rid of it.
ပြဿနာကို မြန်မြန် ဖျောက်ပစ်ချင်တယ်။ ရှောင်ချင်တယ်။
I tried to get somebody else to solve it for me.
တစ်ခြားတစ်ယောက်ယောက်က ကိုယ့်ပြဿနာ ကိုယ့်အခက်အခဲကို ဖြေရှင်းပေးစေချင်တယ်။ ကိုယ့်အခက်အခဲကို ကိုယ် မဖြေရှင်းချင်ဘူး။ သူများ လာဖြေရှင်းပေးစေချင်တယ်။ မိဘ ဖြစ်ချင်လည်း ဖြစ်မယ်။ ဆရာသမားတွေ ဖြစ်ချင်လည်း ဖြစ်မယ်။ သိပ်ငယ်တဲ့ကလေး ဆိုရင်တော့ ကိုယ့်အခက်အခဲကို မိဘက ဖြေရှင်းပေးဖို့ မျှော်လင့်တာ သဘာဝကျပါတယ်။ ဒါပေမယ့် လူကြီးတစ်ယောက်အနေနဲ့ ကိုယ့်အခက် အခဲကို တခြားတစ်ယောက်ယောက်က ဖြေရှင်းပေးတာကို မျှော်လင့်နေတာ သဘာဝ မကျဘူး။
But that time was long ago.
အဲဒီလို ကိုယ့်ပြဿနာကို သူများကို ဖြေရှင်းပေးစေချင်တယ်ဆိုတဲ့ တောင့်တမှုမျိုး ဖြစ်ခဲ့တာဟာ ကြာခဲ့ပါပြီ။ ကျန်ခဲ့ပြီ။ ပြီးခဲ့ပြီ။ ကိုယ့်ပြဿနာကို ကိုယ်တိုင် မဖြေရှင်းဘဲနဲ့ ရှောင်ချင်တာဟာ ဟိုးရှေးရှေးတုန်းကပါ။ အများကြီး ကြာခဲ့ပြီ။
It was a great day in my life when I discovered the wonderful purpose of problems.
ဘဝမှာ ဒီပြဿနာတွေ အခက်အခဲတွေရဲ့ အင်မတန် ထူးခြားတဲ့ အံ့ဩစရာကောင်းတဲ့ အကြောင်းတရား တွေကို သဘောပေါက်လာတဲ့အခါမှာ အဲဒီ သဘောပေါက်လာတဲ့နေ့ဟာ ကိုယ့်အတွက် အင်မတန် ဝမ်းသာစရာ အားရစရာကောင်းတဲ့ နေ့ထူးနေ့မြတ်ကြီးပဲ ဆိုတာ ခံစားရတယ်။ အခက်အခဲတွေကို နားလည်ပြီး ဖြေရှင်းလို့ အရည်အချင်း တိုးလာတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာတာကို ခံစားရတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုတိုးလာအောင်ပဲ လုပ်ချင်နေတယ်။ ဒါကြောင့် တတ်နိုင်သလောက် အခက်အခဲတွေ ပြဿနာတွေကို ရင်ဆိုင်ချင်တယ်။ မရှောင်ချင်တော့ဘူး။ အခက်အခဲ မရှိတာ ကြာရင် မနေတတ်တော့ဘူး ဆိုပါတော့။ ဘာမှအခက်အခဲမရှိရင် လုပ်စရာ မရှိတော့ဘူး၊ ဉာဏ်လည်း မထုတ်ရ တော့ဘူး၊ ဝိရိယလည်း မထုတ်ရတော့ဘူး၊ သည်းခံရတယ် ဆိုတာလည်း မရှိတော့ဘူး။ သဘောထားကြီး ရတယ် ဆိုတာလည်း မရှိတော့ဘူး။ သို့သော် အခက်အခဲတွေ များလွန်းအားကြီးပြီးတော့ မနိုင်မနင်း ဖြစ်သွားရင်လည်း မကောင်းပြန်ဘူး။ တချို့ ဒုက္ခတွေကို မဖြေရှင်းနိုင်တော့လို့ ရူးသွားတာတောင် ရှိတယ်။ အဲဒီလောက်ကြီး အခက်အခဲကြီးမားလွန်းရင်လည်း မကောင်းပြန်ဘူး။ ကိုယ် နိုင်သလောက်ကလေးကတော့
အခက်အခဲရှိမှ ကောင်းတယ်။ ရုန်းကန်နေရမှ ကောင်းတယ်။
Yes, they have a wonderful purpose.
အခက်အခဲတွေမှာ အင်မတန် အံ့ဩစရာကောင်းတဲ့ အကြောင်းတရား ရှိပါတယ်။ အခက်အခဲတွေဟာ အကျိုးရှိပါတယ်။
ဓမ္မဒါန - ရွှေမန်းသူ

ဘာအခက်အခဲမှ မရှိရင် ဘာရင့်ကျက်မှုမှ မရှိနိုင်

Thursday, July 1, 2010

လူတိုင်းမှာ စိတ်ကောင်းရှိပါတယ်။ တစ်ခါတလေ ဆိုးတဲ့စိတ်လည်း ဖြစ်တတ်ပါတယ်နော်။ သို့သော် စိတ်ကောင်းလေးကတော့ လူတိုင်းမှာ ရှိပါတယ်။ အဲဒါလေးကိုတော့ မေ့မထားဖို့ အရေးကြီးတယ်။ လူတိုင်းမှာ စိတ်ကောင်း ရှိတယ်ဆိုတာ မေ့မထားဖို့ အရေးကြီးပါတယ်။ အားခုံး သဘောထားကြီးကြီးနဲ့
စိတ်ထားကောင်းကောင်းနဲ့ ဆက်ဆံရင် အခက်အခဲတွေ ပိုပြီးတော့ အဆင်ပြေသွားမယ်၊ ပိုပြီးတော့ ပြေလည်သွားမယ်နော်။
အခက်အခဲတွေ ပိုပြီးတော့ အဆင်ပြေသွားမယ်ဆိုတဲ့ စကားလိုပဲ တစ်ခါ ပြန်စဉ်းစားကြည့်ရင် အခက်အခဲတွေက ရှိနေလို့ဆိုတဲ့ အဓိပ္ပယ်လည်းပါနေပြီ။ ဘဝမှာ အခက်အခဲတွေမရှိရင် ကောင်းမလားလို့ မေးရင်ကော- အမှတ်တမဲ့ တွေးကြည့်ရင်တော့ ဘဝမှာ ဘာမှအခက်အခဲမရှိရင် သိပ်ကောင်းမှာပဲလို့ တွေးကြမှာပဲ။ တချို့ဆိုရင်လည်းပဲ ဆုတောင်းတဲ့အထဲမှာ ထည့်လေ့ရှိတယ်၊ 'လိုတရတဲ့ ဘဝမျိုး ဖြစ်ရပါလို၏။' အဲသလိုဘဝမျိုး ဖြစ်နေတာ ဘယ်နှစ်ယောက်လောက်များ ရှိမလဲ။ မရှိပါဘူးနော်။
အခက်အခဲဆိုတာ ဘဝရဲ့ သဘာဝပါပဲ။ ရှိနေမှာပဲ။ ဘုန်းကြီးလည်း ခပ်ငယ်ငယ်တုန်းက အခက်အခဲတွေ အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတဲ့အခါမှာ တစ်ခါတလေ ကိုယ်မတတ်နိုင်တော့တဲ့ အဆင့်မျိုးကို ရောက်ဖူးပါတယ်။ အဲသလိုအခါမျိုးမှာ တောင့်တမိတယ်- အခက်အခဲမရှိတဲ့ ဘဝမျိုး နေရမယ်ဆိုရင် သိပ်ကောင်းမှာပဲ။
သို့သော်လည်းပဲ တဖြည်းဖြည်း လူ့ဘဝရဲ့ သဘာဝကို ပိုပြီးတော့ သဘောပေါက်လာတဲ့အခါမှာ တဖြည်းဖြည်း အခက်အခဲရဲ့ သဘာဝကိုလည်း ပိုပြီးတော့ သဘောပေါက်လာတဲ့အခါမှာ အခက်အခဲ မရှိတာ မကောင်းပါဘူး။
တွေ့ကြုံလာရတဲ့ အခက်အခဲကို သတိနဲ့ ဉာဏ်နဲ့ သဘောထားကြီးကြီးနဲ့ ဖြေရှင်းနိုင်တဲ့အရည်းအချင်း ရှိဖို့ပဲ လိုပါတယ်လို့ သဘောပေါက်လာတယ်။ ဒါကြောင့် ဘဝမှာတွေ့ရမယ့် အခက်အခဲတွေကို နက်နက်နဲနဲ နားလည်ချင်တယ်။ အကောင်းဆုံး ဖြေရှင်နည်းတွေကိုလည်း နားလည်ချင်တယ်။ အဲသလို နားလည်ချင်တဲ့ စိတ်ဆန္ဒပြင်းပြလာလို့ ဘဝအကြောင်း၊ လူတွေတွေ့ရတဲ့ အခက်အခဲတွေအကြောင်းကို စိတ်ပါလက်ပါ လေ့လာတယ်။ အခုလည်း လေ့လာနေတုန်းပါပဲ။ ကိုယ့်အခက်အခဲတွေကို နားလည်ရုံ မဟုတ်တော့ပဲ လူတွေအားလုံးရဲ့ အခက်အခဲတွေကိုပါ နားလည်နိုင်အောင် လေ့လာတယ်။ အခုတော့ အခက်အခဲတွေကို နားလည်နိုင်တာကိုပဲ ကျေနပ်လာတယ်။ အခက်အခဲတွေကို သဘာဝ ကျကျ ဖြေရှင်းနိုင်တာကို ကျေနပ်တယ်။ ဒကာ ဒကာမတွေရဲ့ ဘဝအခက်အခဲ တွေကို နားလည်ပေးရတာကို အရေးပါတဲ့ တန်ဖိုးရှိတဲ့ အလုပ်လို့မြင်လာတယ်။ အထူးသဖြင့် လူငယ်တွေရဲ့ ဘဝအခက်အခဲတွေကို ပိုပြီး လေ့လာနေပါတယ်။ လူမှုဆက်ဆံရေး အခက်အခဲတွေကို ပိုပြီးစိတ်ဝင်စားပါတယ်။ ဘာအခက်အခဲမှ မရှိတဲ့ဘဝကို နေရတဲ့ လူဟာ၊ ဘာရင့်ကျက်မှုမှ မရှိနိုင်ဘူး။
ဓမ္မဒါန - ရွှေမန်းသူ