Buddha FM သီချင်းလိုင်း (အသုံးမပြုသေးပါ)

http://209.212.144.155/BDFM1

Click လုပ်ပြီး နားထောင်

Lastest New Technology နဲ့မိတ်ဆက်လိုက်ပါပြီ

Mozzila မှာ မရပါက Google Crome နဲ့ တစ်ခြား ဘလောက်ဇာတွေမှာ နားဆင်ကြည့်နိုင်ပါတယ်။ မကြာမှီမိတ်ဆက်ပါမယ်။

http://www.buddhafm.tv

Winamp windows Media Player Real Player QuickTime

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

Showing posts with label ဓမ္မရံသီ ပေါင်းချုပ်. Show all posts
Showing posts with label ဓမ္မရံသီ ပေါင်းချုပ်. Show all posts

လူမိုက်ရှစ်ဦး

Monday, May 24, 2010

သက္ကတဘာသာဖြင့် ရေးထားသောတန္ဒြသာရအမည်ရှိသည့် ကျမ်းတွင် လူမိုက်ကြီးရှစ်ဦးအကြောင်းကို ပြဆိုထားလေသည်။

လူမိုက်ကြီးရှစ်ဦးမှာ
(၁) သူတစ်ပါးရန်ဖြစ်သည်ကို ကြားဝင်သူ (၂) မြင်သမျှကို လိုချင်သူ (၃) စာသာတတ်၍ စာမရေးတတ်သူ (၄) မိမိရေးသောစာကို အမှားအမှန်မတည်းဖြတ်သူ (၅) ယောက္ခမကို ကပ်ရပ်စားသူ (၆) ဆွေမျိုးခြင်း မတည့်အောင် ကုန်းတိုက်သူ (၇) မိန်းမအနားမှ မခွာနိုင်သူ (၈) သူများပြောစကား လက်ခံသူတို့ ဖြစ်သည်။
ပထမလူမိုက်
ပထမလူမိုက်ကြီးမှာ သူတစ်ပါးရန်ဖြစ်သည်ကို ကြားဝင်သော လူမိုက်ကြီး ဖြစ်သည်။ သူတစ်ပါး ရန်ဖြစ်သည်ကို အဆောတလျင် မဆင်မခြင်ကြားမဝင်ပါနှင့်၊ ကြားဝင်လျှင် ကိုယ်သာခံရတတ်သည်။ ရန်ဖြစ်သူ နှစ်ဦးမှာ ဒေါသအိုး ပေါက်ကွဲနေချိန်ဖြစ်၍ ကြားဝင်ဖျန်ဖြေသူ၏စကားကို ရုတ်တရက် သည်းခံနိုင်လိမ့်မည် မဟုတ်ပါ။ အထူးသဖြင့် တုတ် - ဓားလက်နက်ကိုင်စွဲသော ရန်ပွဲမျိုးဖြစ်ပါက ပို၍ အန္တရာယ်ကြီးမားသည်။
ယင်းရန်ပွဲမျိုးကို မိမိက စေတနာထား၍ ဖျန်ဖြေသော်လည်း ရန်ဖြစ်သူနှစ်ဦး၏ ဒေါသအရှိန်ကြောင့် ကြားဝင်မိသူမှာ တုတ်ဖြင့် အနှက်ခံရခြင်း၊ ဓားဖြင့် အဆော်ခံရခြင်းစသော ဆိုးကျိုးများ ခံရတတ်သည်။ ထိပ်ပေါက် ခေါင်းကွဲဖြစ်ရုံမျှမက အချို့ဆိုလျှင် အသက်ဆုံးရှုံးရသည်အထိ ဘေးဒုက္ခတွေ့ရတတ်သည်။ သို့ဖြစ်၍ သူတစ်ပါးရန်ဖြစ်သည်ကို ကြားဝင်မိသူအား လူမိုက်ဟူ၍ ဆိုခြင်းဖြစ်လေသည်။ ကျွဲနှစ်ကောင်ခတ် သည့်အကြား မြေစာပင် မဖြစ်ပါစေနှင့်၊ သူတစ်ပါးဓားခုတ်ရာ လက်ဝင်မလျှိုပါနှင့် စသော စကားပုံများမှာ ပထမလူမိုက်ကြီးကို ရည်ရွယ်ပြောဆိုသော စကားပုံများ ဖြစ်သည်။
ဒုတိယလူမိုက်
ဒုတိယလူမိုက်ကြီးမှာ မြင်မြင်သမျှကို လိုချင်စိတ်ရှိသူ လူမိုက်ကြီး ဖြစ်သည်။ သူ့ကို လူမိုက်ဟု ဆိုရခြင်းမှာ လောဘဖိစီးခံရပြီး ဟိုဟာလိုချင် သည်ဟာလိုချင် ဣနြေ္ဒမရသောကြောင့် ဖြစ်သည်။ တွေ့သမျှ မြင်သမျှကို လိုချင်စိတ်ဖြင့် တောင်းရမ်းသည့်အခါ တစ်ဖက်လူက အမြင်ကပ်ပြီး မုန်းတီးခြင်းကိုပင် ခံရတတ်သည်။ လောဘသည် မျောက်နှဲစေး နှင့်တူ၍ လောဘဖိစီးခံရသူမှာ မျောက်နှဲစေး အငြိခံရသော မျောက်သတ္တဝါနှင့် တူနေသည်။ သေဖို့ရာလမ်းဝသို့ရောက်သော မျောက်နှင့်တူသောကြောင့် မြင်သမျှ လိုချင်တတ်သောသူကို လူမိုက်ဟုဆိုထားခြင်း ဖြစ်သည်။ အလိုလောဘကို မီးပုံးကြီးနှင့်တူကြောင်း၊ သမုဒ္ဒရာနှင့်တူကြောင်း ကျမ်းဂန် များတွင် ဥပမာပြဆိုထားပေသည်။ အလိုလောဘနှိပ်စက်၍ တင်းမတိမ် အားမရနိုင်သောကြောင့် အကျိုး တရား ပျက်စီးရပုံအကြောင်းကို ဧကနိပါတ် သုဝဏ္ဏဟံသဇာတ်တော်ကို သာဓကအဖြစ် ကြည့်သင့် သည်။ သမီးသုံးယောက်နှင့် ဇနီးဖြစ်သူတို့ ဆင်းရဲသည်ကို ချီးမြောက်လို၍ ဘဝဟောင်းမှ ဖခင်ဖြစ်ဖူးသော ရွှေဟင်္သာငှက်က အိမ်သို့လာပြီး တစ်နေ့လျှင် ရွှေတောင် ရွှေခက် တစ်ရွက်စီ နေ့စဉ်မှန်မှန် ပေးနေပါလျက် တင်းမတိမ် အားမရနိုင်သော လောဘကြောင့် အမွေးအတောင် အားလုံးကို နုတ်ယူပစ်သည့်အတွက် ရွှေရောင်ကွယ်ပြီး ဗျိုင်းတောင်သဖွယ် ဖြစ်ကုန်ရသည်။ လောဘကြီးသော  မိသားစုတို့လည်း ဆင်းရဲမြဲ ဆင်းရဲကုန်သည်။
ဤအကြောင်းကို မန်လည်ဆရာတော်က မဃဒေဝလင်္ကာ၌ အောက်ပါအတိုင်း ရေးဖွဲ့စပ်ဆိုထားလေသည်။
ရွှေဟင်္သာငှက်၊ တောင်တစ်ရွက်ဖြင့်
နှစ်သက်စိတ်က၊ ပေးသမျှကို
အားရမရှိ၊ ကဲလွန်ဘိလျက်
အတိ ဗလဝ၊ ကြီးလောဘနှင့်
အရသုတ်သုတ်၊ ဖြုတ်ဖြုတ်မကြွင်း
နင်း၍ကုန်အောင်၊ နတ်ယူဆောင်သော်
ရွှေရောင်ကွယ်လစ်၊ ဗျိုင်းတောင်ဖြစ်၏။
လောဘတရားဆိုး၏ အလိုပြည့်နိုင်ခဲပုံကို တိကနိပါတ်၊ မန္ဓာတုဇာတ်တော်ထဲမှ စကြာမင်းကြီး၏ ဖြစ်ရပ်ကို လည်း သာဓကအဖြစ် ကြည့်ရှုသင့်၏။ အထက်ပါသာဓကတို့ကို ထောက်၍ မြင်သမျှ တွေ့သမျှ လိုချင်သော သူများကို လူမိုက်ဟု ဆိုရခြင်းဖြစ် သည်။ ပုဂ္ဂလိကပိုင် ပစ္စည်း၊ အများပိုင်ပစ္စည်းနှင့် နိုင်ငံပိုင်ပစ္စည်းများကို မတော်လောဘဖြင့် ရလိုသူများ၊ ယူဆောင်သူများကိုလည်း လူမိုက်စာရင်းတွင် သွင်းရမည်ဖြစ်ကြောင်း သဘောပေါက်ကြရန် ဖြစ်ပေသည်။
တတိယလူမိုက်
တတိယလူမိုက်ကြီးမှာ စာသာတတ်ပြီး စာမရေးတတ်သော လူမိုက်ကြီး ဖြစ်သည်။ သူ့ကို လူမိုက်ဟု ဆိုရခြင်းမှာ ရာဇဝတ်မှု ကျူးလွန်၍ ဆိုခြင်းမဟုတ်၊ အကုသိုလ်အမှု ပြုလုပ်၍ ဆိုခြင်းမဟုတ်။ မိမိသိထား၊ တတ်ထား၊ လေ့လာသင်ကြားထားသော အတတ်ပညာများ၊ ဗဟုသုတများ၊ အတွေ့အကြုံများကို သူတစ်ပါး နည်းယူနိုင်စေရန် ရေးသားမှု မပြုသောကြောင့် လူမိုက်ဟု တင်စား ခေါ်ဆိုခြင်း ဖြစ်သည်။ စာတွေ ဘယ် လောက်တတ်တတ် စာတစ်စောင် ပေတစ်ဖွဲ့ ကျမ်းစာတစ်အုပ်မျှ ရေးသားခြင်း မပြုခဲ့သော် ထိုသူ ကွယ်လွန် သည့်အခါ မည်သည့်ပညာ အမွေအနှစ်မျှ ကျန်ရစ်မည် မဟုတ်ပေ။ ယင်းကို ရည်ရွယ်၍ လူမိုက်ဟုဆိုထား ခြင်း ဖြစ်သည်။
စတုတ္ထလူမိုက်
စတုတ္ထလူမိုက်ကြီးမှာ မိမိရေးပြီးစာများကို အမှားအမှန် ပြန်လည်မစစ်ဆေးဘဲ ပြီးစလွယ်လုပ်တတ်သူ လူမိုက်ကြီး ဖြစ်သည်။ သူ့ကို လူမိုက်ဟုဆိုရခြင်းမှာ အလွန်သဘာဝကျလေသည်။ မိမိရေးသားသော ကဗျာ ကိုဖြစ်စေ၊ သီချင်းကို ဖြစ်စေ၊ ဆောင်းပါးကို ဖြစ်စေ၊ ဝတ္ထုကို ဖြစ်စေ၊ မှတ်တမ်းကို ဖြစ်စေ၊ ဝေဖန်ချက် စသည်များကို ဖြစ်စေ စိစစ်ခြင်း၊ အမှားအမှန်ပြန်လည် သုံးသပ်ခြင်း၊ နှီးနှော တိုက်ဆိုင်ခြင်း မပြုဘဲ ဖြစ်ကတတ်ဆန်း ပေးပို့လျှင်၊ ဖြန့်ဖြူးလျှင်၊ ထုတ်ဝေလျှင် နောင်တစ်ချိန် ပြဿနာ ထိပ်တိုက် တွေ့တတ် ပါသည်။ မိမိရေးသားသောစာ၌ သူတစ်ပါးကို ထိခိုက်နစ်နာစေမည့် အကြောင်းများပါနေလျှင်၊ နိုင်ငံရေး အရှုပ် အထွေးစာမျိုး ဖြစ်နေလျှင်၊ တိုင်းပြည်နှင့်လူမျိုး ဂုဏ်သရေ ညှိုးစေမည့်စာမျိုး ဖြစ်နေလျှင်၊ ဘာသာ - သာသနာကို ထိခိုက်စေမည့်  စာမျိုးဖြစ်နေလျှင် ရေးသူ၌တာဝန်မကင်းပါ။ တာဝန်မကင်းရုံမျှမက လောက သံသရာ နှစ်ဖြာအကျိုး ထိခိုက်တတ်လေသည်။ သို့ဖြစ်၍ မိမိရေးပြီးစာများကို အကြိမ်ကြိမ်အခါခါ သေသေချာချာ တည်းဖြတ် စိစစ် သင့်ပေသည်။ ရေးပြီးစာများ မတည်းဖြတ်သော စာရေးဆရာမျိုးကို လူမိုက်ဟု ဆိုရတော့သည်။ လူမိုက်အခေါ် မခံချင်ပါက ရေးပြီးစာကို ပြန်လည်စိစစ် မှားမှန်သုံးသပ်ပါ။
ပဉ္စမလူမိုက်
ပဉ္စမလူမိုက်ကြီးမှာ ယောက္ခမကို ကပ်ရပ်မှီခို အချောင်နေလိုသော လူမိုက်ကြီး ဖြစ်သည်။ သူ့သမီးကို ယူထားပြီး ကိုယ်စွမ်းကိုယ်စ ဘာတစ်ခုမျှ အားမထုတ်ဘဲ ယောက္ခမအရိပ်ကို ခိုပြီး လက်ဝေခံ စားသောက် နေထိုင်သော သမက်မျိုးတွေ ဤလောက၌များစွာရှိတတ်သည်။ ယောက္ခမျက်နှာကြည့်ရ၊ မိန်းမအငေါက်ခံရ၊ သူတစ်ပါး အထင်သေးခံရသူများ ဖြစ်၍ သမက်ဈေးကျသူများ ဖြစ်သည်။ ယောက္ခမ အိမ်မှာနေ၊ယောက္ခမ ကျွေးတာစား၊ ယောက္ခမ ပေးတာဝတ်၊ ယောက္ခမ ပြုသမျှ နုရသောသမက်များအဖို့ ရွှေသမက် မဟုတ်၊ ရွှံ့သမက်များသာ ဖြစ်လေသည်။ အစွမ်းအစ ကြံရည် ဉာဏ်ရည် သတ္တိ ဗျတ္တိ လူရေးလူရာ အညွန့်တုံးသူများ ဖြစ်၏။ ဤသမက်မျိုးကို လူမိုက်စာရင်းသွင်းရခြင်း ဖြစ်သည်။ သင်လည်း လူမိုက်စာရင်းတွင် မပါပါစေလင့်။
ဆဋ္ဌမလူမိုက်
ဆဋ္ဌမလူမိုက်ကြီးမှာ ဆွေမျိုးချင်း မတည့်အောင် ကုန်းတိုက်သော လူမိုက်ကြီးဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး သင့်မျှသည်ကို မသင့်အောင် မတည့်အောင် ကုန်းတိုက်ခြင်းမှာ မလုပ်သင့် မလုပ်ထိုက်သောကိစ္စ
ဖြစ်သည်။ လူမှန်လျှင် ဉာတကာနဉ္စသင်္ဂဟ မင်္ဂလာအရ ဆွေမျိုးသားချင်းတို့အား ထောက်ပံ့ကူညီရမြဲ ဖြစ်သည်။ စီးပွားရေးကို အကြောင်းပြု၍ဖြစ်စေ၊ အိမ်တွင်းရေးကို အကြောင်းပြု၍ဖြစ်စေ၊ သားရေး သမီးရေး ကို အကြောင်းပြု၍ဖြစ်စေ စိတ်ရိုင်း စိတ်မိုက်ဝင်ပြီး ဆွေမျိုးသားချင်းတို့အား အချင်းချင်း မသင့်မျှ အောင် သွေးခွဲလျှင်၊ ကုန်းတိုက်လျှင် အလွန်မိုက်ရိုင်းရာကျသည်။ မင်္ဂလာတရားတော်ကို ပစ်ပယ်ရာရောက်သည်။ ထို့ကြောင့် ကုန်းတိုက်သူကို လူမိုက်ဟု ဆိုရသည်။
ရှေးအခါက ရာဇဂြိုလ်မြို့သား တစ်ဦးသည် အရပ်သားအချင်းချင်း မတည့်အောင်၊ မင်းမှုထမ်း အချင်းချင်း မတည့်အောင်၊ ပြည်သူနှင့်ရှင်ဘုရင် မတည့်အောင် ကုန်းတိုက်သောကြောင့် သေသောအခါ ငရဲ၌ နှစ်ပေါင်း များစွာ ခံရပြီး ငရဲမှ လွတ်သော် ဂိဇ္ဈကုဋ်တောင်၌ အပ်အမွေးပေါက် ပြိတ္တာကြီး ဖြစ်ရကြောင်း ပါရာဇိကဏ် ကျမ်း၌ ဖတ်ရှုရသည်။
သတ္တမလူမိုက်
သတ္တမလူမိုက်ကြီးမှာ မိန်းမအနားမှ မခွာနိုင်သော လူမိုက်ကြီး ဖြစ်သည်။ ယောက်ျားမှန်လျှင် ကြီးပွားတိုး တက်အောင် ဆောင်ရွက်လုပ်ကိုင် ကြရမြဲ ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာ၌ ဇနီးမယားကို ခဏခေတ္တ ခွဲတန်ခွဲရမည်။ မခွဲနိုင်လျှင် လူမိုက်စာရင်း အသွင်းခံရမည်။ သားမယားကို မခွဲနိုင်၍ စီးပွားရေး လမ်းကောင်း နှင့် လွဲရသူများ၊ ပညာရေးလမ်းခရီး ပိတ်သွားကြသူများ၊ ရာထူးတိုးတက်မှုနှင့် ဝေးရသူများကို လူ့လောက၌
မကြာမကြာ တွေ့ရတတ်သည်။ ယင်းသို့ ဇနီးမယားအပါးမှ မခွာနိုင်၍ တက်လမ်းပိတ်နေသူများကို လူမိုက် ဟုဆိုရခြင်း ဖြစ်သည်။
အဋ္ဌမလူမိုက်
အဋ္ဌမမြောက်လူမိုက်မှာ သူများပြောသည်ကို အရမ်းလက်ခံ ယုံကြည်သော လူမိုက်မျိုး ဖြစ်သည်။ စဉ်းစား ဉာဏ်မရှိ၊ ဆင်ခြင်တွေးတောမှု မပြု၊ သူတစ်ပါးပြောသမျှ အဟုတ်မှတ်၍ လက်ခံယုံကြည်ပါက လူနုံလူအ လူငတုံးဟု ဆိုရပေလိမ့်မည်။ သူတစ်ပါးပြောသည်ကို ယုံကြည်မိ၍ ဒုက္ခတွေ့ရပုံ သာဓကကို အောက်ပါ အဖြစ်အပျက်များကို ရှု၍ သိသင့်ပေသည်။
ဧကနိပါတ် သိင်္ဂါလဇာတ်၌ ငွေ ၂၀၀ ပေးမည်၊ ငါ့ကို ကျောပိုး၍ ပို့ဆောင်ပါ ဟု မြေခွေး လှည့်ပတ်သော စကားကို ယုံမိ၍ ပုဏ္ဏားအို အရှက်ကွဲရဖူးသည်။
စတုတ္ထနိပါတ် ဒုဒ္ဒုဘဇာတ်၌ ဥသျှစ်သီးကြွေကျသည်ကို မြေပြိုပါပြီဟု ဟစ်အော်ပြေးသွားသော ယုန်တစ် ကောင်၏ စကားကို ယုံမိ၍ တောတွင်း ရှိ တိရစ္ဆာန်အများ ပြေးကြလွှားကြ ဒုက္ခရောက်ကြရဖူးသည်။
 ဒီဃနိကာယ် သုတ်မဟာဝါ၌ ဝေဿကာရပုဏ္ဏား၏ ပြောဆိုသော စကားကို ယုံမိ၍ ဝေသာလီပြည်ကြီး ပျက်စီးခဲ့ရဖူးသည်။
ဤဖြစ်ရပ်၊ ဤသာဓကများကို ရှု၍ သူတစ်ပါး ပြောတိုင်း အရမ်းမယုံပါနှင့် ယုံလျှင် လူမိုက်ကြီး အခေါ်ခံရ ပေလိမ့်မည်။
ကင်းဝန်မင်းကြီး၏ကဗျာ
ဤဖော်ပြပါ လူမိုက်ကြီး ရှစ်ဦိးအကြောင်းကို ကင်းဝန်မင်းကြီးက အောက်ပါအတိုင်း ကဗျာရေး၍ ထားခဲ့လေ သည်။
သူခိုက်ပွား၊ ဝင်စားတတ်တဲ့လူ။
မြင်တိုင်းလိုချင်လို့၊ စာသာသင် စာမရေးနိုင်နှင့်၊
စာရေးလျှင် ဖြတ်မတည်းတဲ့ပြင်၊
ကပ်ဆည်းသသူရကို၊ ယမ်းခဘိမူ။
မျိုးဆွေကိုပေး သုညနှင့်၊
မိန်းမကိုမခွာအားလို့၊
အများလက်ခံသူ၊ မှတ်ယူပ ရှစ်ဦး။
မှန်ဘိချေ၊ ပဏ္ဍိမဟူစေနှင့်၊
ဇမ္ဗူမြေ မြလျှံပိုင်းဖြင့်၊ ရိုင်းခေါင်းထိမှူး။
မာဂဓိ-သာစည်
၁၉၉၀၊ နိုဝင်ဘာလ၊ အမှတ် ၁၁။

ဆိုရေးရှိကဆိုအပ်လှ၏

Saturday, May 8, 2010

သမ္မာသမ္ဗုဘုရား၏ ဂုဏ်တော်မှာ ကိုးပါးရှိ၏။ ထိုဂုဏ်တို့ကို ရွတ်ဆိုခြင်းဖြင့် ကမ္မဠာန်းဘာဝနာအဖြစ် ပွားများခြင်းတို့သည် ကုသိုလ်ကောင်းမှု ဖြစ်၏။ ကိုယ်စိတ်နှစ်ပါးကို တည်ငြိမ်အေးချမ်းစေ၏။ ပညာဉာဏ်ကို ကြီးမားစေ၏။ ဘေးအန္တရာယ်များမှ ကင်းလွတ်စေနိုင်၏။ ရှင်တော်မြတ်ဘုရား၏ ဂုဏ်ကျေးဇူးကား အတိုင်းအဆမရှိ ကြီးမားလှဘိ၏။

မြတ်ဘုရား၏ ဂုဏ်တော်ကို ရွတ်ဆိုပွားများခြင်းဖြင့် ရရှိခံစားအပ်သော အထက်ဖော်ပြပါ အကျိုးကျေးဇူးမျှ နှင့် ရောင့်ရဲတင်းတိမ် မနေသင့်ပေ။ ဗုဒ္ဓသာသနာတော်တွင်ရှိသော အံ့ဖွယ်ရှစ်ပါးအနက်တစ်ပါးအပါအဝင် ဖြစ်သည့် လွတ်မြောက်မှုအရသာကိုလည်း ကိုယ်တိုင်ရရှိ ခံစားရလေအောင် ဝိပဿနာ ပွားများ သင့်ပေ သည်။

လွတ်မြောက်မှုအရသာကို ခံစားဖူးသူ (မဂ်ဖိုနိဗ္ဗာန်ကို မျက်မှောက်ပြုဖူးသော အရိယာသာဝက)သာလျှင် ရှင်တော်မြတ်ဘုရား၏ ဂုဏ်တော်ကို ထင်ထင်ရှားရှား မြင်တွေ့နိုင်ပေသည်။ ချမ်းသာကင်းရာ အပါယ် လေးပါးမှ လည်းကောင်း၊ သံသရာဝဋ်ဒုက္ခ အပေါင်းမှ လည်းကောင်း လွတ်မြောက်သည်အထိ လမ်းညွှန်ပြသ ပေးသော ရှင်တော်မြတ်ဘုရားက ဝေနေယျသတ္တဝါအပေါင်း တို့အား ပြုပေးတော်မူခဲ့သော ကျေးဇူးတော်ကို လည်း လက်တွေ့ဒိဠခံစားနိုင်ပေသည်။ ရှင်တော်မြတ်ဘုရား၏ ဂုဏ်တော်ကို ထင်ထင်ရှားရှား မြင်တွေ့ ရခြင်းအလို့ငှာလည်းကောင်း၊ ပြုပေးတော် မူခဲ့သော ကျေးဇူးတော်ကို လက်တွေ့ဒိခံစားရခြင်း အလို့ငှာ လည်းကောင်း ဝိပဿနာ ဘဝနာကိုပွားများ အားထုတ်အပ်ပေသည်။ အားထုတ်ရမည့် နည်းလမ်းကို ရှင်တော်မြတ်ဘုရားသည် မာဂဓဘာသာပါဠိ စကားဖြင့် (ပါဠိတော်) မိန့်ကြားတော်မူခဲ့ပေသည်။

လူဝတ်ကြောင်တို့၏ လောကီနယ်တွင် ပါဠိစကားအသုံးများခြင်း မရှိသောကြောင့် တတ်သိပညာရှင်တို့သည် ပါဠိစာပေမှ မြန်မာစာပေ၊ အင်္ဂလိပ်စာပေ အစရှိသည်ဖြင့် အသီးသီးပြန်ဆိုပေးကြ၏။ ထိုသို့ ပြန်ဆိုပြုစုပေး ကြသောကြောင့် ကိစ္စမြားမြောင်လှသည့် လူ့ဘဝမှ လူသားတို့သည် မိမိတတ်ကျွမ်းသော ဘာသာစကားဖြင့် ဗုဒ္ဓသာသနာနှင့် ထိတွေ့ခွင့်ရခြင်း ဖြစ်ပေသည်။ ဓမ္မရသကို ကောင်းစွာခံစားရခြင်း ဖြစ်ပေသည်။ ကျေးဇူးတရား ကား များပြားလှ၏။

ထိုသို့ ဘာသာပြန်ဆိုကြရာ၌ မူရင်း ပါဠိဘာသာမှ သဘောအဓိပ္ပယ်အတိုင်း မိမိဘာသာသို့ ပြန်ဆိုရန်မှာ ခက်ခဲသိမ်မွေ့ လှပေသည်။ အချို့သောအရာတို့၌ အနီးစပ်ဆုံးသော ဝေါဟာရဖြင့်ပြန်ဆိုရသောကြောင့် ဆိုလိုရင်းသဘောမှ အနည်းငယ် တိမ်းစောင်းနိုင်ပေသည်။ ထို့ပြင်ဘာသာပြန်ဆိုသူသည် ပမာဒလေခပြီး (စိတ်မပျံ့လွင့်သင့်သည်၌ ပျံ့လွင့်မိခြင်းကြောင့်) မှားယွင်းနိုင်သေး၏။

ထို့ကြောင့် ဗုဒ္ဓနှုတ်တော်မှ ထွက်သော ဗုဒ္ဓဝစနများအတိုင်း သံဂါယနာတင်ထားသည့် ပါဠိပိဋကကျမ်းဂန် တို့ကို ဖတ်ရှုလေ့လာနိုင်လျှင် အကောင်းဆုံး ဖြစ်ပေသည်။ ပါဠိစာပေကို တတ်ကျွမ်းမှု မရှိလျှင် ပါဠိသက် ဝေါဟာရများ အလျှံပယ်ပါရှိသော မြန်မာစာပေကို တတ်ကျွမ်းသင့်ပေသည်။

မြန်မာစာကို ရေးတတ်-ဖတ်တတ်သော်လည်း အဓိပ္ပယ်ကောက်ယူမှု၌ လွဲမှားနိုင်သေး၏။ ဥပမာ- သတိ သမ္ပဇဉ်ဟူသော ဝေါဟာရသည် ပါဠိစာ ပါဠိသုံး ဖြစ်၏။ ယခုအခါ မြန်မာစာ မြန်မာသုံးလည်း ဖြစ်နေ၏။ ထိုသမ္ပဇဉ်ကိုဗုဒ္ဓဘာသာ မြန်မာစာပေ ပညာရှင်များက သတိ = ဘုရား အစရှိသော ကောင်းသောအာရုံ တို့ကိုအောက်မေ့ခြင်းလက္ခဏာ ရှိသောသဘော၊ သမ္ပဇဉ် = ဆင်ခြင်ဉာဏ်ဟူ၍ ဘာသာပြန်ဆိုကြ၏။
ရပ်ထဲရွာထဲ၌မူကား 'သတိ' ကို 'သတိမမူ ဂူမမြင်'၊ 'မီးသတိပြု' စသည်ဖြင့် ပြောဆိုရေးသား သုံးနှုန်းကြ၏။ သမ္ပဇဉ်ကို ဆင်ခြင်တုံတရား အဖြစ်လည်းကောင်း၊ ဆည်းပူးလေ့လာ ကျက်မှတ်ထားသော ပရမတ္ထတရား လေးပါးတို့၏ သဘောကို စဉ်းစား တွေးခေါ်ခြင်းအဖြစ်လည်းကောင်း၊ ကျင့်စဉ်ကမ္မဋ္ဌာန်းနှင့် စပ်လျဉ်း၍ တွေးတောကြံဆခြင်း အဖြစ် လည်းကောင်း ပြောဆိုရေးသား တွေးခေါ်ကြ၏။

ဆင်ခြင်တုံတရားသည်လည်းကောင်း၊ စဉ်းစားတွေးခေါ်ခြင်းလည်းကောင်း၊ တွေးတောကြံဆခြင်းသည် လည်းကောင်း တွေးခေါ်မှု၌ ရင့်ကျက်စေနိုင်၏။ ဗုဒ္ဓဘာသာကို လေ့လာလျှင် စိန္တာမယဉာဏ်ကို ဖြစ်နိုင်၏။ ဘာဝနာမယဉာဏ်ကို မူကား မဖြစ်စေနိုင်။ အကြောင်းမူကား ပရမတ္ထ သဘာဝတရားတို့ကို ဆင်ခြင်တုံ တရားဖြင့် (ဝါ) စဉ်းစား တွေးခေါ်ခြင်းဖြင့် (ဝါ) တွေးတောကြံဆခြင်းဖြင့် ဗုဒ္ဓ အလိုကျ မသိမြင်နိုင်သော ကြောင့် ဖြစ်၏။ ကမာန်းတရားကို လက်တွေ့ အားထုတ်မှသာလျှင် ပရမတ္ထ သဘာဝတရား တို့ကို ထိုးထွင်း ၍ သိမြင်နိုင်၏။ ထို့ကြောင့် အချို့သောသူတို့ သုံးနှုန်းပြောဆို နေသည့် သတိသမ္ပဇဉ် တရားသည် ရှင်တော် မြတ်ဘုရား၏ ဆိုရင်းသဘောမှများစွာပြောင်းလဲသွားကြောင်း သိအပ်ပေသည်။ ရှင်တော်မြတ်ဘုရားသည် သတိသမ္ပဇဉ်တရားကို ကမ္မာန်းတရားအားထုတ်သူတို့အား (သမထကမ္မဠာန်းကို ဖြစ်စေ၊ ဝိပဿနာ ကမ္မာန်းကို ဖြစ်စေ) လက်ကိုင်ထားကာ ကျင့်သုံးအပ်သည့်တရားအဖြစ် ဟောကြား တော်မူခြင်း ဖြစ်ပေသည်။

သတိသမ္ပဇဉ်ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပယ်ကို ဝိသုဒ္ဓိမဂ္ဂ အဠကထာ မြန်မာပြန် ပထမတွဲစာမျက်နှာ ၃၁၀ ၌ ဖွင့်ပြသည်မှာ သတိသည် အောက်မေ့ခြင်းလက္ခဏာ ရှိ၏။ မမေ့မလျော့ခြင်းကိစ္စရသ ရှိ၏။ ကိ လေသာတို့မှ စောင့်ရှောက်ခြင်းလျှင် ထင်သောအခြင်းအရာရှိ၏။ သမ္ပဇဉ်-(သမ္ပဇည) သည် မတွေဝေ ခြင်း လက္ခဏာ ရှိ၏။ ဆုံးခန်းတိုင်ရောက်အောက်ကူးခတ်နိုင်သောကိစ္စရသ ရှိ၏။ စိစစ်စုံစမ်းခြင်းလျှင် ထင်သောအခြင်းအရာရှိ၏။

ကမာန်းနှင့်စပ်လျဉ်း၍ ဆက်လက်ဖွင့်ပြသည်မှာ 'သတိလွတ်သော၊ သမ္ပဇဉ်ပညာကင်းသော သူအား ဥပစာရ သမာဓိမျှလည်း မပြည့်စုံနိုင်။ အပ္ပနာဈာန်မူကား ဆိုဖွယ်ရာမရှိ။ မပြည့်စုံသည်သာ ဖြစ်၏။' သို့ဖြစ်၍ သတိသမ္ပဇဉ်တရားကို မြန်မာမှုပြုသော် သမထကမ္မာန်းတွင် ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိ မိတ်တို့၌ သတိတရားဖြင့် ရှုကြည့်နေခြင်းဟုလည်းကောင်း၊ ဝိပဿနာကမ္မဠာန်းတွင် ခန္ဓာငါးပါး(ရုပ်နာမ် နှစ်ပါး) တို့၌ သတိတရားဖြင့် ရှုလျက်နေခြင်းဟုလည်းကောင်း သုံးနှုန်းသင့်ပေသည်။ သတိသမ္ပဇဉ်တရား နှင့်စပ်လျဉ်း၍ ရှင်တော်မြတ်ဘုရားသည် သတိပဠာနသံယုတ်တွင် ဤသို့ မိန့်ကြားတော်မူခဲ့ပေသည်။

'ရဟန်းတို့- ရဟန်းသည် သတိသမ္ပဇဉ်နှင့် ပြည့်စုံလျက် နေရာ၏။ ဤကား ငါတို့၏ အဆုံးအမဖြစ်၏။ ရဟန်းတို့- ရဟန်းသည် အဘယ်သို့လျှင် သတိနှင့်ပြည့်စုံလျက်နေရာသနည်း ဆိုသော် ဤသာသနာ၌ ရဟန်းသည် ကိုယ်၌ကိုယ်ဟု အဖန်ဖန်ရှုလျှက်နေ၏။ ဝေဒနာတို့၌ ဝေဒနာဟု အဖန်ဖန်ရှုလျက် နေ၏။ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက် နေ၏။ တရားသဘောဟု အဖန်ဖန်ရှုလျက် နေ၏။'

'ရဟန်းတို့- ရဟန်းသည် အဘယ်သို့လျှင် သမ္ပဇဉ်နှင့်ပြည့်စုံလျက်နေရာသနည်း ဆိုသော် ဤသာသနာ၌ ရဟန်းသည် ရှေ့သို့တိုးခြင်း-နောက်သို့ ဆုတ်ခြင်း၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။ တည့်တည့်ကြည့်ခြင်း- တစောင်းကြည့်ခြင်းနှင့် တွေးခြင်း- ဆန့်ခြင်း- ဒုကုဋ်- သပိတ်- သင်္ကန်းကိုဆောင်ခြင်း၌၊ စားခြင်း သောက်ခြင်း- ကိုက်ခြင်း- လျက်ခြင်း- ကျင်ကြီးကျင်ငယ်စွန့်ခြင်း၌၊ သွားခြင်း- ရပ်ခြင်း- ထိုင်ခြင်း- အိပ်ခြင်း- နိုးကြားခြင်း၌၊ စကားပြောခြင်း-ဆိတ်ဆိတ်နေခြင်း၌ ဆင်ခြင်ဉာဏ်ဖြင့်ပြုလေ့ရှိ၏။ ရဟန်းတို့- ရဟန်းသည် ဤသို့လျှင် သမ္ပဇဉ်နှင့်ပြည့်စုံလျက် နေရာ၏။ ဤကား ငါတို့၏ အဆုံးအမဖြစ်၏။'

ထို့ကြောင့် သတိသည် သတိပဠာန်လေးပါးကို အဖန်ဖန်ရှုလျက် နေခြင်းဖြစ်၏။ သမ္ပဇဉ်သည် ဣရိယာပုတ် လေးပါးတို့၌ လည်းကောင်း၊ စားသောက်ခြင်းတို့၌လည်းကောင်း၊ ကျင်ကြီးကျင်ငယ် စွန့်ခြင်းတို့၌ လည်း ကောင်း၊ ခြေလက်အင်္ဂါကြီးငယ် လှုပ်ရှားခြင်းတို့၌လည်းကောင်း ဆင်ခြင်ဉာဏ်ဖြင့်ပြုလျက် နေခြင်း ဖြစ်၏။ ဆင်ခြင်တွေးတောနေခြင်း မဟုတ်ပေ။ ကြ့ဆနေခြင်း လည်း မဟုတ်ပေ။

စာရှုသူတို့သည် သမထကမ္မာန်း(ဝါ)ဝိပဿနာကမ္မာန်း အားထုတ်ကြရာ၌ သတိသမ္ပဇဉ်တရား လက်ကိုင် ထားခြင်းဖြင့် လိုရာပန်းတိုင်ဖြစ်သော ဈာန်အဘိညာဉ် (ဝါ) မဂ်ဖိုလ်နိဗ္ဗာန်တို့ကို ရလွယ်ရောက်လွယ် ကြပါစေ ဟု ဆန္ဒပြုအပ်ပါသတည်း။
ဦးအောင်အေး (သဲကုန်း)
၁၉၉၀၊ ဖေဖော်ဝါရီလ၊ အမှတ် ၂။

လက်တွေ့ဗုဒ္ဓဘာသာ

Tuesday, May 4, 2010

ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်သည် အဓိကအားဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရသောလမ်းစဉ်ကြီးဖြစ်၏။ မြတ်စွာဘုရားအဆူဆူတို့သည် မိမိတို့၏ ကျင့်ကြံအားထုတ်မှုအားဖြင့်သာ ပွင့်ထွန်းတော်မူခဲ့ကြသည်။ တစ်စုံ တစ်ဦး၏ အကူအညီကိုမျှ ရယူခြင်းမရှိခဲ့ကြပေ။

ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ်ကို လေ့လာကြည့်ပါလျှင် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ ပူဇော်ခြင်းကို ခံယူရသည် မှန်ပါသော်လည်း ဘုရားဖြစ်ရန်၊ သဗ္ဗညုတဉာဏ်တော်ရရန် ကြိုးစားအားထုတ်ရခြင်းတွင်ကား မည်သူတစ်ဦးတစ်ယောက်ကမျှ ဝိုင်းဝန်းကူညီခြင်းမပြုနိုင်ပေ။ မိမိကိုယ်တော်တိုင်သာလျှင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်ဖြည့်ဆည်း အားထုတ် ခဲ့ရလေသည်။

မြတ်စွာဘုရားသည် တရားအလုံးစုံကိုသိမြင်၍ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးသည့်အချိန်မှ ပရိနိဗ္ဗန် စံဝင်တော်မူသည့် အချိန်အထိ (၄၅) ဝါကာလပတ်လုံး နေ့စဉ်နှင့်အမျှ သတ္တဝါများအားတရားဟောပြော ကယ်တင်တော်မူခဲ့လေသည်။ မြတ်စွာဘုရား၏ဟောကြားချက်များအားလုံး၏ အစုအပေါင်းသည် ပိဋကတ် သုံးပုံဖြစ်လာလေသည်။

ပိဋကတ်သုံးပုံသည် များပြားကျယ်ဝန်းလှသည် မှန်ပါသော်လည်း အနှစ်သာရကား သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း တစ်ခုသာလျှင်ဖြစ်၏။ မဟာသမုဒ္ဒရာရေသည် ငန်သောအရသာတစ်ခုသာလျှင် ရှိသကဲ့ သို့တည်း။ ပိဋကတ်သုံးပုံ၏ အဆုံးအမ အတိုင်း လိုက်နာကျင့်ကြံအားထုတ်သူတို့သည် ပစ္စုပ္ပန် သံသရာ နှစ်ဖြာ သောအကျိုးကို ခံစားရပြီးလျှင် အဆုံးစွန် ပန်းတိုင်ဖြစ်သော သံသရာမှ ထွက်မြောက်ခြင်း ကိုလည်း ရရှိကြ လေသည်။

ဤတွင် သတိပြုရမည့်အချက်မှာ မြတ်စွာဘုရားတို့သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ နိဗ္ဗာန်ရအောင် ပြုလုပ် ဖန်တီး မပေးနိုင်ကြပေ။ မြတ်စွာဘုရား၏ အဆုံးအမအတိုင်း မိမိကိုယ်တိုင်ကျင့်ကြံအားထုတ်မှုကသာ လိုရာခရီးသို့ ရောက်စေနိုင်လေသည်။ ဤအချက်ကို အထူးလေးနက်ဖို့အရေးကြီးလှသည်။ မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် ဤအချက်ကို အကြိမ်ကြိမ် ဟောကြား သတိပေးထားပြီးဖြစ်သည်။ မြတ်စွာဘုရား၏ တရားတော်သည် ယခုဘဝအတွက် လည်းကောင်း၊ တမလွန်အတွက်လည်းကောင်း ပြည့်စုံသော လမ်းညွှန် ချက်များ ဖြစ်သည်။ တရားတော်၏ဂုဏ်တော်များတွင် ယခုလက်ငင်းအကျိုးပေးတတ်ခြင်း၊ အချိန်မရွေး စစ်ဆေး စမ်းသပ်ကြည့်နိုင်ခြင်း စသည်တို့ပါဝင်၏။ တရားတော်၏အကျိုးကို ခံစားရန်အတွက် တမလွန် လောက ရောက်သည်အထိ စောင့်ဆိုင်းရန်မလိုပေ။ ယခုပင်ကျင့်ကြံ အားထုတ်၍ ယခုလက်တွေ့ပင် အကျိုး တရားခံစားနိုင်လေသည်။ ထိုကဲ့သို့ အကျိုးတရား ခံစားနေရသူများကားရေတွက်၍မကုန်နိုင်အောင် ရှိသည်။ ၎င်းတို့အနက်မှ မျက်မှောက်ခေတ်မြန်မာနိုင်ငံသာသနာတော်သမိုင်းတွင် အကျော်ကြားအထင်ရှားဆုံး ဖြစ်တော်မူသော မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆရာတော်ကြီးအား သာဓကထား၍တင်ပြလို ပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ဆယ်နှစ်ခန့် အလိုလောက်တွင် သူဌေးကြီး ဆာဦးသွင်နှင့်ဇနီးတို့သည် သီဟိုဠ်ပြည် (ယခုသီရိလင်္ကာ) သို့ မြတ်စွာဘုရားစွယ်တော်အား ဖူးမြင်ရန်သွားကြ၏။ ထိုတွင်သီဟိုဠ်မှ စွယ်တော်အမတ်ကြီးများနှင့် စကားပြောဆိုကြရာ စွယ်တော် အမတ်ကြီးများကခင်ဗျားတို့မြန်မာနိုင်ငံမှာ စာတတ်ပေတတ်တွေပေါပေမယ့် တိပိဋကဓရ ပုဂ္ဂိုလ်တော့မရှိကြသေးဘူး ဟု ပြောကြလေသည်။ သို့အတွက် ဆာဦးသွင်သည် ဤအချက်ကိုသဘောပေါက်ပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါတွင် မိမိ၏ငွေကြေးဖြင့် အကုန်အကျခံကာ တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲကျင်းပရန်စီစဉ်လေသည်။ ပထမအကြိမ်ကျင်းပသော စာမေးပွဲတွင် ဖြေဆိုသူ ခြောက်ပါးရှိသည်။ မင်းကွန်း တိပိဋကဓရ လောင်းလျာ ဆရာတော်သည်လည်း ၎င်း စာမေးပွဲကို လေ့လာရန်ရောက်ရှိခဲ့၏။ စာမေးပွဲဂေဇက်ထွက်သောအခါ ဖြေဆိုသူတစ်ပါးမျှ မအောင်မြင်ကြပေ။ သူဌေးကြီး ဆာဦးသွင်မှာလည်းအထူးပင် စိတ်မကောင်းဖြစ်မိ လေသည်။ ဤတွင်ဆရာတော်သည် သာသနာ တော်အတွက် တိပိဋကဓရ စာမေးပွဲအောင်မြင်ရေးကို မဖြစ်မနေကြိုးစားဆောင်ရွက်တော့မည်ဟု ခိုင်မာသော အဓိဠာန်ကိုချလိုက်လေသည်။ ဆရာတော်မှာ ကိုယ်ခန္ဓာပိန်ပိန်ပါးပါးနှင့် အင်အားချည့်နဲ့သူဖြစ်ပေရာ တိပိဋက ဓရစာမေးပွဲ ကို ဖြေဆိုနိုင်ပါ့မလား ဟု သံသယဖြစ်ကြလေသည်။

ဆရာတော်က မိမိတွင်အင်အားဗလပြည့်စုံကြောင်းယုံကြည်ထားသည်။ အင်အားဗလဆိုသည်မှာ ကိုယ်ခန္ဓာ အင်အားကို ဆိုလိုခြင်းမဟုတ်ပေ။ မြတ်စွာဘုရားဟောကြားတော်မူသော-
  • ၁) သဒ္ဓါဗလ = ယုံကြည်ခြင်းအင်အား
  • ၂) သတိဗလ = မမေ့လျော့ခြင်းအင်အား
  • ၃) သမာဓိဗလ = တည်ကြည်ခြင်းအင်အား
  • ၄) ဝိရိယဗလ = အားထုတ်ခြင်းအင်အား
  • ၅) ပညာဗလ = ခွဲခြားဝေဖန်တတ်ခြင်းအင်အား
    ဟူသောစိတ်ဓာတ်ပိုင်းဆိုင်ရာအင်အားများကို ဆိုလိုခြင်းဖြစ်ပေသည်။
၎င်းအပြင် ဆရာတော်သည် မြတ်စွာဘုရား၏ ဩဝါဒတော်ဖြစ်သော-
  • ၁) ဆန္ဒထက်သန်သူသည် လိုရာကိစ္စပြီးစီးနိုင်သည်။
  • ၂) ဝိရိယထက်သန်သူသည် လိုရာကိစ္စပြီးစီးနိုင်သည်။
  • ၃) စိတ်ဓာတ်ထက်သန်သူသည် လိုရာကိစ္စပြီးစီးနိုင်သည်။
  • ၄) ပညာထက်သန်သူသည် လိုရာကိစ္စပြီးစီးနိုင်သည်
ဟူ၍လည်း အကြွင်းမဲ့ယုံကြည်တော်မူသည်။ ဤယုံကြည်ချက်များအတိုင်းမဆုတ်မနစ် ဆောင်ရွက်တော် မူခဲ့၍ လည်း တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဖြစ်တော်မူလာပြီးလျှင် သာသနာရေး၊ လူမှုရေးတို့တွင် သူမတူ အောင် စွမ်းဆောင်တော်မူနိုင်ခဲ့လေသည်။ တိပိဋကဓရဆရာတော်ဘုရားကြီး၏ စံနမူနာကို ကြည့်ပါလျှင် မြတ်စွာဘုရား ၏ တရားတော်အတိုင်း လိုက်နာကျင့်ကြံပါက အလွန်ကြီးကျယ်မြင့်မားလှသောအဆင့်အတန်း သို့ရောက်အောင် စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေလေသည်။

မြတ်စွာဘုရား၏ တရားတော်သည် လောကရေး၊ ဓမ္မရေးနှစ်မျိုးစလုံး လိုရာကိုထုတ်ယူသုံးစွဲနိုင်အောင် ပြည့်စုံ လျက်ရှိသည်။ သုံးစွဲမည့်သူက မိမိလိုရာကို ရယူကျင့်သုံးဖို့ပင်ဖြစ်သည်။ ကျင့်သုံးသူအတွက် အကျိုးတရား ခံစားရမည်မှာကား မလွဲမသွေပင်ဖြစ်လေသည်။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီး အကြောင်း ကို တင်ပြခြင်းမှာ သာဓကအဖြစ်တင်ပြခြင်းသာဖြစ်၏။ လူတိုင်း ဆရာတော်ကြီးလိုဖြစ်နိုင်မည် မဟုတ်ပေ။ တိပိဋကဓရဆရာတော်ကြီးကား တစ်ခေတ်တွင် တစ်ဦးဆိုသလို မကြုံစဖူး ထူးကဲလှသော ပုဂ္ဂလဝိသေသ ဖြစ်ပေသည်။

သို့ဖြစ်သော်လည်း ကလေး၊ လူကြီး၊ ယောင်္ကျား၊ မိန်းမ မရွေး နေရာဒေသတိုင်းမှ လူတိုင်းလူတိုင်း သည် လည်း မြတ်စွာဘုရား၏ တရားတော်ကို လိုက်နာကျင့်ကြံနိုင်လျှင် ကျင့်ကြံနိုင်သလောက် လက်ငင်း လက်တွေ့ အကျိုးတရားခံစားရမည်မှကား ယုံမှားဖွယ်မရှိသောအချက်တစ်ချက်ဖြစ်လေသည်။


(မှီခိုရာ-မင်းကွန်းတိပိဋက-နိကာယသာသနာပြုအဖွဲ့၊ တတိယသုံးနှစ်ခရီး)
ဦးသန်းထွန်း (ရွှေဘို)
၁၉၉၀၊ ဇန်နဝါရီလ၊ အမှတ်၁။

ဗုဒ္ဓဘာသာဆိုသည်မှာ

'ဗုဒ္ဓဘာသာဆိုသည်မှာ' ဟူသောခေါင်းစဉ်အောက်တွင် ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင် နှစ်မျိုးလုံး အကျုံး ဝင်သည်။ ဗုဒ္ဓဘာသာနှင့် စပ်လျဉ်း၍ ဗုဒ္ဓဘာသာ ဖြစ်လာဖို့ အဓိက ပဓာန အချက်အချာ ကျသောအရာမှာ ဗုဒ္ဓဘုရား ပင်ဖြစ်လေသည်။ ဗုဒ္ဓဘုရား ဆိုသည်နှင့် ဗုဒ္ဓဘုရား ဟောကြား တော်မူသည့် တရားတော်လည်း ပါဝင်ရမည် ဖြစ်ပြန်သည်။ ထို့ပြင် ဗုဒ္ဓ ဘုရားရှင်၏တပည့် သာဝက ရဟန်း သံဃာများလည်း စပ်ဆိုင်ပါဝင် ပေသည်။

ဗုဒ္ဓဘာသာသည် တရားဓမ္မ ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်သည် အသက်ရှိသော လူသားတို့ဖြစ်သည်။ လူနှင့် ပတ်သက်လာလျှင် လူ့ပတ်ဝန်းကျင် မုချရှိရပြန်သည်။ လူ့ပတ်ဝန်းကျင်တွင် (ဗုဒ္ဓဘာသာဝင်တို့၏ ပတ်ဝန်း ကျင်တွင်)ဘာတွေရှိနေသနည်း။ တော တောင် ရေ မြေဟူသော ဩကာသလောက ပတ်ဝန်းကျင်ကြီးလည်း ရှိနေသည်။ သက်ရှိ သတ္တဝါတည်းဟူသော သတ္တလောက ပတ်ဝန်းကျင်ကြီး လည်းရှိနေသည်။ နွေ၊ မိုး၊ ဆောင်း အပူအအေး စသော ဖြစ်ပျက် ပြုပြင် ပြောင်းလဲနေသည့် သင်္ခါရလောက ပတ်ဝန်းကျင်ကြီးလည်း ရှိနေသည်။

ဗုဒ္ဓဘာသာဝင်တို့၏ သက်ရှိ ပတ်ဝန်းကျင်တွင် အချုပ်အားဖြင့် လူနှင့် တိရစ္ဆာန်ဟူသော သတ္တဝါနှစ်မျိုး နှစ်စား ရှိသည်။ လူတို့တွင် ဗုဒ္ဓဘာသာဝင်တို့နှင့် ကိုးကွယ်မှုဟူသော လူ့ပတ်ဝန်းကျင်ရှိသလို ဗုဒ္ဓဘာသာဝင် တို့နှင့် ကိုးကွယ်မှု မတူသော ဘာသာခြား ပတ်ဝန်းကျင်လည်း ရှိသည်။

အခြားအရေးကြီးသော အချက်တစ်ရပ်မှာ သိပ္ပံပတ်ဝန်းကျင်ပင်ဖြစ်သည်။ ယနေ့ ဗုဒ္ဓဘာသာ ပတ်ဝန်းကျင်တွင် သိပ္ပံသဘောတရားတွေ ရှိလာသည် သိပ္ပံသဘောတရားကလည်း ခေတ်စား နေသည်။ ထိုနည်းတူ ဗုဒ္ဓဘာ သာဝင် လူသားတို့၏ ပတ်ဝန်းကျင်တွင် သိပ္ပံပစ္စည်းတို့က အလျှံပယ် အသုံးခံလာကြသည်။ လူသုံး သိပ္ပံပစ္စည်း အပြင် သိပ္ပံပညာရပ်သုံး သိပ္ပံကိရိယာတို့မှာ အံ့မခန်းလိလိ တိုးတက်နေသည်။

သို့ဖြစ်၍ အသိအမြင်ရှိသော ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့ လက်ရှိနေထိုင် မိုးလင်းမိုးချုပ် နေကြ ရသော ဘဝပတ်ဝန်းကျင်ကို ကောင်းစွာ သတိပြုတတ်ကြရပေမည်။ ဤသို့ သတိပြု ဆင်ခြင်တတ်ပြီး မိမိတို့၏ ဗုဒ္ဓ ဘာသာနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ပြုမူဆောင်ရွက်ချက်တို့ကို ပစ္စက္ခပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျဖြစ်အောင် ပဲ့ကိုင်ထိန်းကျောင်း နေထိုင်တတ်ကြရမည် ဖြစ်ပေသည်။

ဤကဲ့သို့ အသိအမြင်မရှိသော (ဝါ) မရှိဘဲလျက် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော ဗုဒ္ဓဘာသာဝင်တို့မှာ မူကား ပတ်ဝန်းကျင်၏ ဝါးမျိုမှုကို နေ့စဉ်နေ့တိုင်း ခံနေကြရသည်။ အနည်းငယ် ဖော်ပြရလျှင် ထိုသို့သော အသိမဲ့သတိလွတ်နေသူ ဗုဒ္ဓဘာသာဝင်မျိုးကို ဘာသာခြားတို့က ဝါးမျို နေကြမည်ဖြစ် သည်။ သိပ္ပံပညာက ပြောင်လှောင်နေမည် ဖြစ်သည်။

'မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည'် ဟူသော ဆောင်ပုဒ်ကို အချို့နေရာ၌ ဖတ်ရှု တွေ့မြင်နိုင်ကြသည်။ အသိမဲ့ သတိမဲ့သော ဗုဒ္ဓဘာသာဝင်တို့၏ မျိုးဆက်များဖြစ်ကြသည့် သမီးကညာတို့သည် ဘာသာ ခြားတို့၏ ဝါးမျိုခြင်းကို ခံနေကြရမည် ဖြစ်သည်။ ဗုဒ္ဓဘာသာ ယဉ်ကျေး မှုသည်လည်း ဝါးမျိုခြင်းခံနေကြရမည် ဖြစ်သည်။ တိုင်းရင်းသားစစ်စစ်ဖြစ်ကြသော ပင်မဌာနေ ဗုဒ္ဓ ဘာသာဝင်တို့၏ မွေးရာပါ အခွင့်အရေးတို့သည် လည်း ဝါးမျိုခြင်းခံရ၍ လက်လွတ်ဆုံးရှုံးကြမည် ဖြစ်သည်။

ဤသည်တို့မှာ မိမိတို့၏ ဘဝပတ်ဝန်းကျင်ကို မမြင်တတ် မသိတတ်မှုကြောင့် ဖြစ်ပေါ်နေရသော အကျိုးနည်း မှုများ၊ အကျိုးယုတ်နေမှုများ ဖြစ်သည်။ ဤသည်တို့မှာ အသိမဲ့ သတိမဲ့ ဗုဒ္ဓဘာသာဝင် တို့၏ အရှုံးထွက်မှု အနန္တထဲမှ တချို့သာ ဖြစ်ပေလိမ့်မည်။ ယင်းသို့ဖြင့် လုံးပါးပါးပြီး ရေတိမ်နစ်သွား ကြပေလိမ့်မည်။

အသိမဲ့ သတိမဲ့ ဗုဒ္ဓဘာသာဝင်တို့ထဲမှ အများစုမှာ သနားစရာကောင်းလှသည်။ သူတို့ကို အသိပေးမည့်သူ မရှိရှာ။ သူတို့ခမျာ တနေ့လုပ်မှ တနေ့စားရသည်။ လက်လှုပ်မှ ပါးစပ် လှုပ်ကြရရှာသည်။ သူတို့အဖို့ ဒါနတရား ကလည်း အံမဝင်၊ ကမ္မဠာန်းတရားကလည်း အလှမ်းကွာ၊ သူတို့အတွက် လိုနေသော အသိပေး သြဝါဒမျိုး၊ လမ်းညွှန်မှုမျိုးကလည်း မရ။

သူတို့ခမျာ ဗုဒ္ဓဘာသာ အမည်ခံနေကြသော်လည်း ဗုဒ္ဓဘုရားအကြောင်း ကိုပင် ချေချေငံငံ မသိရှာကြ။ သိအောင်လုပ်ပေးမည့် သူလည်းမရှိ။ ထို့ကြောင့် 'ဘုရားဆိုတာ တစ်ဆူတည်းရှိတာပါ၊ အလကား ဥပါဒါန်စွဲပြီး သူ့ဘုရား ငါ့ဘုရား လုပ်နေတာပါ' ဟု ပြောခြင်းမျိုးကိုပင် ဟုတ်လိမ့်နိုးနိုး ထင်ရှာကြသည်။ တစ်ဆူတည်းသော ဘုရား ဆိုသည်မှာ ဗုဒ္ဓဘုရားကို ရည်မှန်းခြင်း မဟုတ်ဘူး ဆိုသည်ကိုတော့ မသိရှာကြ။ ဤသို့ဖြင့် ဘာသာရေး နားလည့်ခံကြရပြီး သမီးဆုံး၊ ပစ္စည်းဆုံး၊ နောက်ဆုံးကျတော့ 'ပေါက်တဲ့နဖူး မထူးတော့ ပါဘူး' ဟူသော မထူး ဇာတ် ခင်းနေကြရရှာသည်။

ဤသည်တို့မှာ အချို့သော ဗုဒ္ဓဘာသာဝင်တို့နှင့် သူတို့၏ ပတ်ဝန်းကျင်တွင် ပူပူနွေးနွေး ဖြစ်ပျက်နေသော အခြင်းအရာများသာ ဖြစ်သည်။ ရှေးက ဖြစ်ခဲ့သော ပုံပြင်မဟုတ်၊ နောင်ဖြစ်လာမည့် စိတ်ကူးယဉ်မဟုတ်။

သို့ဖြစ်သောကြောင့် အမျိုး ဘာသာ-သာသနာကို အသက်တမျှ မြတ်နိုးကြသော အသိရှိ၊ သတိရှိ ဗုဒ္ဓဘာသာ ဝင်တို့ အနေဖြင့် အသိမဲ့ သတိမဲ့နေသော ဗုဒ္ဓဘာသာဝင်တို့အား အသိပေး သတိပေးဖို့ အထူးလိုအပ်နေသည်။ ဇာတိသွေး ဇာတိမာန်တွေ လျော့ရဲ ကျဆုံးနေကြသူတို့အား တည့်မတ် ထူထောင်ပေးဖို့ အရေးတကြီး လိုအပ် နေသည်။

ယခုဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့၏ သားသမီးကလေး များသည် အများအားဖြင့် နာမည်ပျက်နေလေပြီ။ ဘယ်လို နာမည်ပျက်နေသလဲ ဆိုပါလျှင် အထူး သဖြင့် မြန်မာဆိုပါက 'မြန်မာကလေးတွေဟာ အလုပ်မကြိုးစားကြဘူး' တဲ့။ မြန်မာထဲမှာ ကျွန်တော့်သားလည်း ပါသည်၊ ဟုတ်လှသည်။ စာမကြိုးစားချင်၊ အလုပ်မလုပ်ချင်၊ ဂီတာ လေးတဒေါင်ဒေါင်နှင့် နေသော ဗုဒ္ဓဘာသာကလေးတွေကို အားကျနေသဖြင့် မနည်းတားထားရသည်။

ယခု ဘယ်လို ဖြစ်လာသလဲဆိုလျှင် 'မြန်မာတွေဟာ မြန်မာဖြစ်လို့ အလုပ် မကြိုးစားတာလား၊ ဗုဒ္ဓဘာသာဖြစ်လို့ အလုပ်မကြိုးစားတာလား၊ မြန်မာတွေဟာ မြန်မာဖြစ်လို့ တစ်ယောက်ကိုနဲ့တစ်ယောက် မနာလို ဝန်သိုတွေ များပြီး ပူးပေါင်းညီညွှတ်မှု မရှိတာလား၊ ဗုဒ္ဓဘာသာဖြစ်နေကြလို့ ဒီလိုဖြစ်တာလား' ဤသို့ စဉ်းစားသူများပင် ရှိနေ၏။ ဤအတွေးအခေါ်သည် တွေးသင့်-ဆင်ခြင်သင့်ပေ၏။

သို့သော် ဗုဒ္ဓဘာသာ (ဗုဒ္ဓသာသနာ) အတွက် အန္တရာယ်ကြီးလှသည်။ ထိုသို့တွေးမိသူတို့သည် ဗုဒ္ဓဘာသာ (ဗုဒ္ဓသာသနာ) မှာ ယင်းသို့ ဖြစ်စေသည့် တရားမျိုး တစ်ခုမျှ မပါသည်ကို မသိရှာကြ။ ဗုဒ္ဓတရား (ဝါ) ပိဋ ကတ်ပညာ မတတ်ရှာကြ။ ထို့ကြောင့်သာလျှင် ဤသို့သော အတွေးများကို တွေးမိခြင်းဖြစ်ပေမည်။

ဗုဒ္ဓတရား၌ အလုပ်မကြိုးစေသည့် တရားမပါ။ တစ်ယောက်ကိုနဲ့တစ်ယောက် မနာလို ဝန်သိုမှုတွေများပြီး ပူးပေါင်းညီညွှတ်မှု မရှိစေသည့်တရား တစ်ပုဒ်မျှ မပါ။ တကယ်တော့ ယနေ့ ဗုဒ္ဓဘာသာဝင်အချို့၏ လုပ် ဆောင်ချက်မှာ ဗုဒ္ဓတရားနှင့် တောင်နှင့်မြောက်ကဲ့သို့ ဖြစ်နေ၏။ ယင်းအချက်ကို ရေရေလည်လည် မသိ သူများက 'ဗုဒ္ဓဘာသာကြောင့် မြန်မာတွေ ဒီလိုဖြစ်တာ' ဟု မှားမှားယွင်းယွင်း ကောက်ချက်ချသော် ဗုဒ္ဓ ဘာသာပျက်စီးတော့မည်မှာ သေချာသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ဘဝနှင့်ပတ်ဝန်းကျင်ကို ဆက်စပ်ပြီး ဤသို့ဤနှယ် စဉ်းစား သုံးသပ်မိလေသောအခါ 'အသိမဲ့ သတိမဲ့ ဗုဒ္ဓဘာသာဝင်များကို အသိပေး သတိပေးဖို့ အထူးလိုနေပြီ' ဟူ၍ သဘောပေါက်လျက်ရှိပေ၏။ ထို့ကြောင့် မိမိလက်လှမ်းမီသော ဗုဒ္ဓဘာသာဝင်များကိုတော့ အသိပေး နေပါ၏၊ သတိပေးနေပါ၏။ မည်သူ့
ကိုမျှမထိပါးစေဘဲ ကိုယ့်လူတွေကိုတော့ ပြောရဟော ရမည်။ ပြောနိုင် ဟောနိုင်သေးသည် မဟုတ်ပါလော။

ကျွန်ုပ်တို့သည် မိမိတို့၏မိသားစု၊ ဆွေမျိုးစု၊ မိတ်ဆွေစုထဲမှဘာသာရေးသန်းခေါင်စာရင်း ပြုလုပ်ထားသင့်၏။ နှစ်ချုပ်လျှင် 'တို့ ဗုဒ္ဓဘာသာထဲသို့ ဘယ်နှစ်ယောက် ဝင်ရောက်လာသလဲ၊ တို့ ဗုဒ္ဓဘာသာထဲမှ ဘယ်နှစ်ယောက် ထွက်ခွာသွားသလ'ဲ ဟု စာရင်း ပြုလုပ်သင့်၏။ ထိုသို့ ဝင်ရောက် လာခြင်း ထွက်ခွာသွားခြင်း၏ အကြောင်းရင်း ကိုလည်း ဆင်ခြင်သုံးသပ် ဆွေးနွေးသင့်ကြ၏။
တစ်ဆက်တည်းပင် ဆက်လက် တွေးခေါ်မြော်မြင်ကြည့်သင့်သည်မှာ-
ဗုဒ္ဓဘာသာဝင်ထဲက လျော့သွားလေသမျှ ဘယ်မှာတိုးတိုးသွားသလဲ။
လျော့ပါများလျှင် တိုးပါများလျှင် ဘာဖြစ်လာမလဲ ဟူ၍ ဖြစ်ပါသတည်း။


နှစ်ဖက်လှ
၁၉၉၀၊ဇန်နဝါရီလ၊ အမှတ် ၁။