Buddha FM သီချင်းလိုင်း (အသုံးမပြုသေးပါ)

http://209.212.144.155/BDFM1

Click လုပ်ပြီး နားထောင်

Lastest New Technology နဲ့မိတ်ဆက်လိုက်ပါပြီ

Mozzila မှာ မရပါက Google Crome နဲ့ တစ်ခြား ဘလောက်ဇာတွေမှာ နားဆင်ကြည့်နိုင်ပါတယ်။ မကြာမှီမိတ်ဆက်ပါမယ်။

http://www.buddhafm.tv

Winamp windows Media Player Real Player QuickTime

အလွယ်ကူဆုံး ရေဒီယို နားဆင်ရန် နှင့် တီဗွီ ကြည့်ရန် Buddha FM Toolbar

http://buddhafm.ourtoolbar.com/

Installs in Seconds, Includes Uninstaller

Showing posts with label သီတင်းကျွတ်လပြည့်ဆောင်းပါး. Show all posts
Showing posts with label သီတင်းကျွတ်လပြည့်ဆောင်းပါး. Show all posts

သီတင်းကျွတ်လပြည့်လို့ အသံကြားရတာနဲ့တင် ကလေးအရွယ် ငယ်ဘ၀က သမ၀ါမယဆိုင်

Tuesday, October 11, 2011



သီတင်းကျွတ်လပြည့်လို့ အသံကြားရတာနဲ့တင် ကလေးအရွယ် ငယ်ဘ၀က သမ၀ါမယဆိုင် (တောအခေါ် ပပကဆိုင်)မှာ ဖယောင်းတိုင်ထုတ်တွေရဖို့ အမေတွေအဒေါ်တွေနဲ့အတူ တန်းစီပီး ယူကြရတယ်၊ ဖယောင်တိုင်းထုတ်ရတာနဲ့ ကလေးဘာသာဘာဝ ဘာသာရေးဆိုတာထက် အပျော်ဘ၀ကိုပဲ ခုံမင်မိတော့ အမေ၀ယ်လာတဲ့ ဖယောင်းတိုင်းတွေကို ဘုရားပူဇော်ရမယ်ဆိုတဲ့အသိစိတ်ထက် အိမ်ရှေ့ဝရမ်းတာနဲ့ အိမ်ထဲမှာ ရှိတဲ့ သစ်ပင်ခွကြားတွေမှာပဲ ထွန်းဖို့ပဲ စိတ်စောနေမိတယ်၊ ဘုရားပူဇော်ရတာထက် တအိမ်နဲ့တအိမ် ဖယောင်းတိုင် အပြိုင်ထွန်းပီး ငါ့အိမ်က ပိုလင်းတယ် သူ့အိမ်က ပိုလင်းတယ်ဆိုတဲ့ ပြိုင်ဆိုင်ချင်တဲ့စိတ်က အဓိကကျနေတာလဲပါပါရဲ့၊ ဒါပေမယ့် မိဘလုပ်သူတွေက သားသမီးလေးယောက်ကို တယောက်လျင် အတိုင် (၃၀) ပေးပီး ငါးတိုင်ကို ရတနာသုံးပါး မိဘဆရာတွေကို ပူဇော်တဲ့အနေနဲ့ ပေးထားတဲ့အတိုင်သုံးဆယ်ထဲက ငါးတိုင်စီကို ဘုရားရှေ့မှာထွင်း ကျန်တဲ့ (၂၅) တိုင်ကို အိမ်ဝန်း(၀ိုင်း)ထဲက မင်းတို့ကြိုက်တဲ့နေရာမှာ လိုက်ထွန်းဆိုပီး ပြောပါတယ်၊ မိဘက ဒီလိုပြောပေမယ့် စိတ်ထဲကတော့ သိပ်ပီးကျေနပ်လှတယ်ရယ်လို့တော့မဟုတ်ဘူး၊ ဒါပေမယ့် မိဘကိုကြောက်ရတော့ သူတို့ပြောတဲ့အတိုင်း ငါးတိုင်ကို ဘုရားရှေ့မှာ စောင့်စောင့်အောင်အောင့်ထွန်းခဲ့ပီး ကျန်တဲ့ (၂၅) တိုင်ကို ဘေးအိမ်က သူငယ်ချင်းတွေနဲ့ အပြိုင်အဆိုင် အိမ်ရှေ့မှာ မောင်လေးယောက်တန်းစီထွန်း၊ ပီး အကိုသုံးယောက်က ရှိတဲ့သစ်ပင်တွေပေါ်အသီးသီးတက်ပီး အခြားအိမ်တွေနဲ့ အပြိုင်အဆိုင်ထွန်းကြတာ၊ ငယ်ဘ၀ကိုပြန်တွေးမိတိုင်း ခုအသက်အရွယ်အထိ စိတ်ထဲမှာကြည်နူးလို့မဆုံးဖြစ်ရတယ်၊ ခုဒီပို့စ်ရေးနေတဲ့အချိန်မှာတောင် ရင်ထဲမှာ ကြည်နူးမှုတွေက တကိုယ်လုံးကို စီးဆင်းမြဲ စီဆင်းဆဲ။

၁၉၈၆-ခု (၁၀) နှစ်သားအရွယ် ဘကြီးဘုန်းကြီးထံမှာ ကိုရင်စီးပီး တ၀ါဆိုဖြစ်တော့ ဘကြီးဘုန်းကြီးရဲ့ဆုံးမသြ၀ါဒနဲ့အညီ ကြည်နူးမှုအဓိပ္ပါယ်က တမျိုးပြောင်းသွားပြန်ပီဆိုပါတော့၊ ဦးဇင်းတို့ ကိုရင်တို့- သီတင်းကျွတ်လပြည့်နေ့မှာ ဘာဖြစ်လို့ ဆီးမီတွေထွန်းကြတာလဲ..တဲ့၊ ကိုရင်ဦးဇင်းတွေကလဲ…မသိပါအရှင်ဘုရားလို့ပြန်လျောက်ကြတာပေါ့၊ အင်း မသိရင်မှတ်ထားတဲ့၊ ဒီသီတင်းကျွတ်လပြည့်နေ့မှာ ဒို့တနိုင်ငံလုံးဆီးမီးထွန်းကျတာက တကယ်တော့ အလှအပအတွက် သက်သက်ထွန်းကြတာမဟုတ်ဘူးတဲ့၊ မြတ်စွာဘုရား တုသိတာနတ်ပြည်မှာ သူ့ရဲ့မယ်တော် (မိခင်) တော်ခဲ့ဖူးတဲ့ သန္တုဿိတာနတ်သားကို ကျေးဇူးဆပ်တဲ့အနေနဲ့ ၀ါတွင်းသုံးလလုံး အဘိဓမ္မာတရားဟောကြားတော်မူပီး လူ့ပြည်ပြန်ဆင်းတော်မူလာတဲ့နေ့မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို လူတွေက ဆီးမီး အမွှေးတိုင်စတာတွေနဲ့ ပူဇော်ခဲ့ကြတယ်၊ အဲဒီအထိမ်းအမှတ်ကို ပြန်ပီးတမ်းတပူဇော်တဲ့အနေနဲ့ ပူဇော်ကျတာလို့ အမိန့်ရှိတော့ အသက်အရွယ်ငယ်ရွယ်သေးလို့ ဆရာဘုန်းကြီးအမိန့်ရှိချက်ကို ပြည့်ပြည့်၀၀နားမလည်ပေမယ့် စိတ်ထဲမှာတော့ ကြည်နူးမှုလှိုင်းလေးတွေ ခန္ဓာကိုယ်အနှံ့ပြန်နှံ့သွားသလိုခံစားခဲ့ရတယ်၊ ပရိယတ္တိစာပေတွေအထိုက်အလျောက်သင်ဖူးလေ့လာဖူးတဲ့အခါကျတော့ ဒီသီတင်းကျွတ်လပြည့်နေ့အချိန်ရောက်လေတိုင်း ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ အတုမရှိအနန္တဂုဏ်တော်ကျေးဇူးတော်တွေကို စိတ်ထဲမှာရည်မှန်းကာ ရွတ်ဖတ်သရဇ္ဈာယ်ပီး ဆီးမီး ဖယောင်းတိုင် အမွှေးတိုင်းတွေ ထွန်းညှိကပ်လှူပူဇော်တဲ့အချိန်မှာတော့ ကြည်နူးမှုဆိုတာထက် တဒင်္ဂစိတ်အေးချမ်းမှုလေးတွေ အလိုလို ပွင့်ဖူးလာကြသလို ခံစားမိရပြန်ပါတယ်၊ လူရယ်လို့ဖြစ်လာရင် အသက်အရွယ်ကြီးရင့်လာတဲ့အမျှ ပတ်ဝန်းကျင်ရဲ့ ရိုက်ခက်မှုဒဏ်တွေကြောင့်ရော ကိုယ်ကိုတိုင်ရဲ့ ကာယကံ ၀စီကံ မနောကံမကောင်းမူတွေကြောင့်ရော စိတ်ခံစားမှုအမျိုးမျိုး စိတ်ဒုက္ခအမျိုးမျိုးခံစားလာရတတ်ပါတယ်၊ ဒီလိုမျိုးစိတ်ခံစားမှုတွေ ကိုယ့်ရဲ့စိတ်ထဲ ဖြစ်တည်လာတဲ့အခါမျိုးမှာ လူဟာ သူ့ရဲ့တွေ့ကြုံခံစားမှုနဲ့ ပတ်ဝန်ကျင်ရဲ့ လှုပ်ဆော်မှုတွေကြောင့် မဟုတ်တာတွေကို အဟုတ်ထင်ပီး ကိုယ့်ရဲ့ခံစားမှုတွေ ဖြေဖျောက်တတ်ကြပါတယ်၊ ကောင်းသောပယ်ဖျောက်ခြင်းတွေရှိသလို မကောင်းသောဖြေဖျောက်ခြင်းတွေနဲလဲ့ ကြုံကြိုက်တတ်ရပါတယ်၊ အဲလိုဖြစ်ပေါ်လာတဲ့အခါမျိုးမှာ ဒီလိုသီတင်းကျွတ်လပြည့်နေ့မှာ ခံစားရတဲ့စိတ်ကြည်နူးမှုလေးတွေကို အခြေခံပီး မြတ်စာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ အနန္တဂုဏ်တော်တွေကို စိတ်ထဲမှာဖြစ်တည်လာအောင်ကြိုးစားပီး ဖြေဖျောက်နိုင်ပါစေလို့ ဆန္ဒပြုပါရစေ၊ နောက်တစ်ခုက ရှင်တော်မြတ်ဘုရား မယ်တော်ဖြစ်ခဲ့ဖူးသူ သန္တုဿိတာနတ်သားအပေါ် အဘိဓမ္မာတရားဟောပီး ကျေးဇူးဆပ်ခဲ့တာကို ရည်မှန်းအတုယူပီး မြန်မာလူမျိုးတွေဟာ ကိုယ့်ရဲ့ မိဘဘိုးဘွားဆရာဦးကြီးဦးလေး ဒေါ်ကြီးဒေါ်လေးစတဲ့ အသက်အားဖြင် ဂုဏ်အားဖြင့် ကြီးမြတ်တဲ့ပုဂိုလ်တွေကို ကိုယ်တတ်နိုင်တဲ့လက်ဆောင်ပစ္စည်း ကန်တော့ဖွယ်ပစ္စည်းတွေနဲ့ ကန်တော့ကျတဲ့ အစဉ်အလာလဲရှိခဲ့ ယခုအချိန်ထိရှိဆဲပါပဲ၊ အဲဒီကောင်းတဲ့အလေ့အထလေးတွေကို အတုခိုးပီး ပြည်ပရောက်မြန်မာဒကာဒကာမတွေကို သတိပေးလိုတာက ကိုယ့်ရဲ့မိဘ၊ အဖက်ဖက်က နှိမ့်ကျနေတဲ့ ကိုယ့်ရဲ့မွေးဖွားရာတိုင်းပြည်နဲ့လူမျိုး၊ ကိုယ့်ရဲ့ ယခုဘ၀ နောက်ဘ၀လမ်းကြောင်း မတိမ်းစောင်းရအောင် ကြည့်ရှုပဲ့ပြင်ပေးနေတဲ့ မြတ်ဗုဒ္ဒသာသနာကို ကိုယ်စွမ်းနိုင်သလောက် ကျေးဇူးဆပ်နိုင်အောင် ကြိုးစားဖို့ကိုလဲ ဆန္ဒပြုရင်းနဲ့………………………………

အရှင်စန္ဒောဘာသ (အိန္ဒိယ)


သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ (သို့) အနှစ်သာရရှိရှိ ကုန်ဆုံးသင့်တဲ့နေ့






မနက်ဖြန် (၁၂-၁၀-၂၀၁၁)ဟာ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်တွေအရ မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေပဲ ဖြစ်သလို ဘာသာရေးဆိုင်ရာ ပွဲတော်တွေအရလည်း အဘိဓမ္မာ အခါတော်နေ့ဖြစ်ကာ ဥပုသ်သီတင်း စောင့်သုံးချင်တဲ့ သူတွေအတွက်လည်း ထူးခြားတဲ့ ဥပုသ်နေ့ အခါသမယ ဖြစ်ပါတယ်။ ဘုရားသားတော် ရဟန်းသံဃာတော်များ အတွက်တော့ ညီညွတ်ရေးအတွက် တွေ့ဆုံဖိတ်ခေါ်ရင်း တစ်ညီတစ်ညွတ်တည်း သိမ်အတွင်းမှာ စုပေါင်းပြီး ကံဆောင်ကြမယ့် ပဝါရဏာနေ့ပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဒီသီတင်ကျွတ်လပြည့်နေ့လို နေ့ထူးနေ့ရက်တစ်ခုဟာ သတ်မှတ်ချက်တွေနဲ့မှ ကောင်းမှုကုသိုလ် တစ်ခုခုကို လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အကောင်းဆုံး ကုသိုလ်ပြုရာ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ အကုသိုလ် အလုပ်တွေမှာဆိုရင် အချိန်မရွေး၊ အခါမရွေး ပေါ့ပေါ့ပါးပါးလေးတွေ လုပ်တတ်ကြပေမယ့် ကုသိုလ်အရေးဆိုရင် ဘာဖြစ်လို့ညာဖြစ်လို့၊ ဘာနေ့မဟုတ်လို့၊ ညာနေ့မဟုတ်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ရက်ကောင်းရက်မြတ်တွေကို ရွေးလေ့ရှိတတ်သူတွေအတွက် အကောင်းဆုံးနဲ့ အထူးခြားဆုံး နေ့တစ်နေ့ပဲဖြစ်လို့ ဒီလိုနေ့မျိုးမှာ ကောင်းမှုတစ်ခုခုတော့ ရအောင်ယူနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။



ထူးခြားမှုတွေ ပေါင်းစုံထားတဲ့ ဒီသီတင်းကျွတ်လပြည့်နေ့ဟာ ရဟန်းသံဃာတော်များရဲ့ ပုရိမဝါဆိုဝါကပ်ရာ သီတင်းကာလ ကျွတ်လွတ်ပြီးဆုံးခြင်းကို ရည်ညွန်းထားသလို မြတ်စွာဘုရားရှင် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်သို့ ကြွရောက်ကာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သားကို ဝါတွင်းသုံးလ ကာလပတ်လုံး အဘိဓမ္မာဒေသနာတော် ဟောကြားချီးမြင့်ပြီးလို့ လူ့ပြည်ကို ပြန်လည်ကြွရောက် ဆင်းသက်တော်မူတဲ့ အဘိဓမ္မာ ဓမ္မသဘင်ရဲ့ ပုံရိပ်ကိုလည်း ဖော်ဆောင်ထားတာ ဖြစ်တဲ့အတွက် အဓိဋ္ဌာန်တစ်ခု အနေနဲ့ ကုသိုလ်ပြုကာ ပူဇော်လိုသူတွေအဖို့ အကောင်းဆုံး အချိန်အခါ သမယပဲ ဖြစ်ပါတယ်။ ဟိုဟိုဒီဒီ ကိစ္စတွေနဲ့ ကုသိုလ်အရေးကို အလေးမပေးနိုင်သူတွေအနေနဲ့ ဒီလိုနေ့မျိုးမှာတော့ ဥပုသ်သီလလေးဆောက်တည်ပြီး ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်ကာ တရားလေးလည်းနာ၊ ဝိပဿနာ အလုပ်လေးလည်း တတ်နိုင်သမျှ အားထုတ်ကြည့်နိုင်မယ်ဆိုရင် အလွန်တန်ဘိုးရှိတဲ့ နေ့တစ်နေ့ ဖြစ်သွားမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်မှုတွေထဲမှာ ကုသိုလ်ကောင်းမှုလုပ်ပြီး ပူဇော်ခြင်းဟာ အကောင်းဆုံးနဲ့ အနှစ်အရှိဆုံးဖြစ်တဲ့အတွက် ဘဝမှာ ထူးထူးခြားခြား ပူဇော်မှုတစ်ခုအဖြစ် ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်ပြုကာ ဘုရားရှင်ကို ကုသိုလ်အစုနဲ့ ပူဇော်သမှု ပြုနိုင်မယ်ဆိုရင် ကိုယ်အတွက်တော့ တကယ့်ကိုပဲ အနှစ်သာရပြည့်ဝတဲ့ နေ့ထူးနေ့မြတ်တစ်ခု ဖြစ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။



ဒီတော့ကား ဟိုအလုပ်၊ ဒီအလုပ်၊ ဟိုကိစ္စ၊ ဒီကိစ္စစတဲ့ အကြောင်းအမျိုးမျိုးတွေနဲ့ ဟိုဟာမလုပ်နိုင်၊ ဒါမလုပ်နိုင် ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်အတော်များများ အနေနဲ့လည်း အထူးစဉ်းစားသင့်တာက အချိန်ဆိုတာ ရအောင်ယူမယ်ဆိုရင်၊ အလုပ်ဆိုတာ ရအောင်လုပ်မယ်ဆိုရင် သူ့ဟာနဲ့သူတော့ ဖြစ်ကိုဖြစ်သွားတတ်တယ်ဆိုတဲ့ အချက်ကို ဆင်ခြင်ပြီး ကိုယ့်ဘဝမှာ ထူးထူးခြားခြားအနေနဲ့ ကုသိုလ်အလုပ်ကို မအားတဲ့ကြားက ခက်ခက်ခဲခဲ ရအောင်ယူနိုင်ခဲ့တယ်ဆိုတဲ့ သစ္စာပြုချက်နဲ့ ချိန်ထိုးလိုက်ရင် အရေးကြီးပါတယ်ဆိုတဲ့ ကိစ္စတွေဟာ ဘာမှအရေးမကြီးတော့ဘူးဆိုတာ ကောင်းကောင်းသိမြင် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ အလုပ်ဆိုတာ အထူးသဖြင့် ကောင်းတဲ့အလုပ်ဆိုတာ ယုံကြည်တဲ့ သဒ္ဓါတရား၊ ပြင်းပြတဲ့ဆန္ဒတရား၊ လက်တွေ့ဆန်တဲ့ ဝီရိယတရား စတာတွေနဲ့ ပေါင်းစုနိုင်မှ အကောင်းအစုတွေဆိုတာလည်း အကောင်အထည်ပေါ်ကာ လိုရာဆန္ဒပြည့်ဝနိုင်ကြမှာ ဖြစ်တဲ့အတွက် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ ကိုယ့်စိတ်ကို မလုပ်ဖူးတဲ့ ကုသိုလ်ထူးကို လုပ်ဖြစ်အောင် ကြိုးစားရင်း ထူးခြားတဲ့ကုသိုလ်တရားမှာ ပျော်မွေ့နိုင်အောင် တွန်းအားပေးရမှာ ဖြစ်ပါတယ်။



ဒါကြောင့် မကောင်းတဲ့အလုပ်တွေဆိုရင် ဘာတွန်းအား၊ ဘာဖိအား၊ ဘာအကူအညီမှ မလိုဘဲ အချိန်မရွေး၊ နေရာမရွေး လုပ်ဖြစ်တတ်ကြပေမယ့် ကောင်းတဲ့အလုပ်တွေဆိုရင် တွန်းအားလေးတွေ၊ အကြောက်တရားလေးတွေနဲ့မှ လုပ်ဖြစ်တတ်ကြတဲ့ သတ္တဝါတွေအတွက် ကုသိုလ်လုပ်ဖို့ အကောင်းဆုံး တွန်းအားတစ်ခုအဖြစ် သတိပြုဆင်ခြင်ပြီး ဘဝမှာ ကုသိုလ်ကောင်းမှုကို အခက်အခဲတွေကြားက ရအောင်ယူဖူးတယ်ဆိုတဲ့ မှတ်ကျောက်တစ်ခု တင်နိုင်ဖို့အတွက် မနက်ဖြန် (၁၂-၁၀-၂၀၁၁)မှာ ရောက်လာမယ့် သီတင်းကျွတ်လပြည့်နေ့လို နေ့ထူးနေ့မြတ်မျိုးမှာ ဥပုသ်သီလ ဆောက်တည်ကာ တတ်နိုင်သမျှ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ အကျင့်တရားများကို ကြိုးစားအားထုတ်ကြပါရန် အသိပေးတိုက်တွန်းရင်း ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တစ်ခုမှာ ဘုန်းဘုန်းအနေနဲ့လည်း သံဃာတော်များရဲ့ ပဝါရဏာပွဲမှာ ဘုရားသားတော် ရဟန်းတစ်ပါး အနေနဲ့ အခြားအခြား အခက်အခဲများ ရှိနေပေမယ့် မဖြစ်မနေ ပါဝင်ဆင်နွဲနိုင်အောင် ကြိုးစားဖို့ အဓိဋ္ဌာန် ပြုထားသလို ဗုဒ္ဓဘာသာဝင် သူတော်ကောင်းများ အနေနဲ့လည်း တတ်နိုင်သမျှ ဥပုသ်သီတင်းသီလများကို စောင့်ထိန်းပြီး ရသမျှ ကုသိုလ်များကို ပြုနိုင်အောင် ကြိုးစားကြဖို့ ထပ်မံတိုက်တွန်းကာ သတိပေး နှိုးဆော်လိုက်ရပါတယ်။



မနက်ဖြန် သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့မှာ ကုသိုလ်တစ်ခုခု ပြုကြပါစို့ သူတော်ကောင်းတို့….။

မနာပ ဒါယီ အရှင်ဝိစိတ္တ (ကိုရီးယား)