ရုပ်ပွားတော်သာသနာပြုနည်း- အရှင်ဝီရသူ
Monday, February 6, 2012
မှတ်ချက်။ ။ ဆရာတော်ရဲ့စာမူတွေနဲ့ ပါတ်သက်ပြီး အွန်းလိုင်းမှာ ပြန့်နေတာကို တစ်ချို့က လာစောဒကတက်ကြသည်။ ဆရာတော်နဲ့ ဦးဇင်းတို့ကြားမှာ ဘာမှပြောစရာ မရှိပါ။ ဆရာတော်ရဲ့ စာမူတွေကို စာအုပ်ထုတ်ဝေမှာ ဖြစ်ပါတယ်ဆိုတာ မှန်ကန်ကြောင်း။ ဒါပေမယ့် တစ်ခြားသူတွေက ခွင့်မတောင်းပဲ ဒေါင်းလုပ်လုပ်ယူပြီး ကော်ပီ ပေ့စ် လုပ် ပြန်လည် ဖြန့်ဝေနေတာဟာလည်း ဦးဇင်းတို့ နဲ့ မဆိုင်ပါ။ သူတို့တွေဟာ ဒီကနေတဆင့် ကော်ပီလုပ်ပြီး အီးမေးထဲ လိုက်ဖြန့် ပြီးတော့ ဆရာတော်ဆီက တိုက်ရိုက် ခွင့်ပြုချက်ရရှိနေသလိုလို လုပ်နေတာတော့ မကောင်းပါဘူး။ Buddha FM အနေနဲ့ တရားတော်များ စာမူများ၊ ဓါတ်ပုံများကို တိုက်ရိုက်ခွင့်ပြုချက်ယူပြီးမှသာလျှင် ထုတ်လွှင့် ခြင်း၊ ပို့စ်များ တင်ပေးခြင်း ဖြစ်ပါတယ်။ Buddha FM အနေနဲ့ ဘယ်သူ့ကိုမှ မဒေါင်းခိုင်းသလို ၊ ကော်ပီ လုပ်ခိုင်းခဲ့ခြင်းမျိုး မရှိပါ။ ကိုယ့်ပြဿနာကိုယ် ရှင်းကြပါ။
ရုပ်ပွားတော်သာသနာပြုနည်း
တစ်နေ့တွင် ကျွန်ုပ်၏ ဓမ္မမိတ်ဆွေများက ဆွမ်းစားလာပင့်ကြ၏။ အိမ်မှာ နိုင်ငံခြားသာသနာပြု ဆရာတော် နှစ်ပါးကြွလာ၍ ဆွမ်းကပ်ရင်း ဆွမ်းတစ်ဝိုင်းစာပြည့်အောင် စီစဉ်ပြီး လာပင့်ခြင်းဖြစ်၏။ နိုင်ငံခြားသာသနာပြု ဆရာတော်များကို ဖူးခွင့်ရ၍ ၀မ်းသာကြောင်း နိုင်ငံခြားသာသနာပြုရာ၌ အခက်ခဲများ အောင်မြင်မှုများ ပြုပုံပြုနည်းများ သိရမှာဖြစ်လို့ ၀မ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ဆွမ်းဒကာအလာ ပြောလိုက်မိလေသည်။ ထိုအခါ ဆွမ်းဒကာက ဆရာတော်နှစ်ပါးစလုံး အလွန်အေးကြကြောင်း စကားနည်းကြကြောင်း သူတို့ အချင်းချင်းပင် စကားမပြောကြကြောင်း ငူငူကြီးထိုင်နေသည်ကို သာ တွေ့ရကြောင်း ကျွန်ုပ်နှင့် တွေ့ လျှင်တော့ ပြောဖြစ်မည်ထင်ကြောင်း ပြန်လျှောက်လေသည်။
ဆွမ်းဒကာအိမ် ရောက်သည့်အခါ ဆရာတော်နှစ်ပါးစလုံးကို ဖူးတွေ့ရပါသည်။ တစ်ပါးက အသားညိုညို ကျန်တစ်ပါးက အသားခပ်လပ်လပ်ဖြင့် ကိုယ်လုံးကိုယ်ပေါက်မှာ ၀၀ဖိုင့်ဖိုင့်ကြီးများ ဖြစ်ပါသည်။ ဆွမ်းဒကာက မိတ်ဆက်စကားလျှောက်ထားပေးပါသည်။ ဆရာတော် နှစ်ပါးစလုံးက ခေါင်းညိတ်ရုံသာ အသိအမှတ်ပြု၏။ ဆွမ်းပွဲမပြင်ခင် စကားပြောရအောင် ကြိုတင်ပင့်ခြင်းဖြစ်၍ ကျွန်ုပ်က ကျွန်ုပ်သိလိုသည်များကို မေးမြန်းလျှောက်ထားပါသည်။ ထိုဆရာတော် နှစ်ပါးစလုံးက ပင်ကိုယ်ကပင် စကားနည်းကြသည်လား ဒကာမရှေ့ဖြစ်၍ အေးနေကြသည်လား သံဃာအချင်းချင်းမို့ မပြောချင်ကြသည်လား မတွေးတတ်တော့ပါ။ မေးသည်ကိုပင် မဖြေကြ ဖြေလျှင်လဲ တစ်လုံးနှစ်လုံးသာ စတိအဖြစ် ဖြေဆိုကြ၏။ ၄င်းတို့က အဆုံးအမ သြ၀ါဒပြောဖို့ တရားစကားဆွေးနွေးဖို့ အကြံပြုဖို့ ဆိုသည်မှာ ဝေးသည်ထက် ဝေးလွန်းလှပါသည် ကျွန်ုပ်လက်လျှော့လိုက်ရလေ၏။
နိုင်ငံခြားသာသနာပြု ဆရာတော်ထံမှ နိုင်ငံခြားအတွေ့အကြုံများယူမည်၊ မိမိနိုင်ငံရှိ မိမိသာသနာဘက်မှ အားနည်းချက် အားသာချက်များကို ထောက်ပြလျှင် ပြုပြင်မည်၊ ရေးသင့်က ရေး-ဟောသင့်က ဟောပြီး လိုအပ်ချက်ကို ဖြည့်ဆည်းမည်ဆိုသည့် ဦးတည်ချက်များ ပြေလွင့်သွားခဲ့လေတော့သည်။ ထိုဆရာတော်များနှင့် ပတ်သက်၍ ကျွန်ုပ်ဆက်စပ်တွေးမိသည်မှာ သည်ပုံစံမျိုးဖြင့် နိုင်ငံခြားမှာ ဘယ်လိုများ သာသနာပြုကြသနည်း၊ အမေးအမြန်းထူသော နိုင်ငံခြားသားများကို မည်သို့ တုံ့ပြန်ဖြေကြားရှင်းလင်းသနည်း ၄င်းတို့၏ သာသနာပြုနည်းသည် ရုပ်ပွားတော်သာသနာ ပြုနည်း ဖြစ်နေလေသည်။
အကြည်ညိုခံ ဘ၀ဖြင့် သာသနာပြုခြင်းသည် ရုပ်ပြသာသနာပြုခြင်း၊ ကျောက်ဆင်းတု သာသနာပြုခြင်းသာ ဖြစ်ပါသည်။ ကျောက်ဆင်းတုသည် သာသနာပြန့်ပွားအောင် မတတ်နိုင်ပါ။ သာသနာခိုင်မြဲတည်တန့်အောင်လဲ မတတ်နိုင်ပါ။ သာသနာ၏ အန္တရာယ်ကိုလည်း မကာကွယ်နိုင်ပါ။ ကျောက်ဆင်းတု ကိုယ်တိုင် ခေါင်းဖြတ်ခံရမည့် အရေးကြုံရမည့် အပြင် ရောင်းကုန်တစ်ခုအဖြစ် ရောင်းစားခံရနိုင်သလို ရှေးဟောင်းပစ္စ္စည်း အဖြစ်လည်း ပြတိုက်ထဲအပို့ခံရနိုင်ပါသည်။ ထိုသာသနာပြုနည်းကို ဗုဒ္ဓမြတ်စွာ သဘောကြမည်မဟုတ်ပါ။ ရုပ်ပြသာသနာသည် ဗုဒ္ဓသာသနာမဟုတ်ပါ၊ ရုပ်ပွားသာသနာပြုနည်းသည် ဘုရားသာသနာပြုနည်းမဟုတ်ပါ။
မြတ်စွာဘုရားသည် ပုဗ္ဗဘာသီဂုဏ်တော်ရှင် ဖြစ်ပါသည်။ ပုဗ္ဗဘာသီဆိုသည်မှာ ရှေးဦးစွာ စကားစပြောသူ ဖြစ်ပါသည်။ ဗုဒ္ဓမြတ်ဘုရားထံသို့ ရောက်လာသော လူပရိသတ် ရဟန်းပရိသတ်တို့အား မြတ်စွာဘုရားက အလျင်ဦးစွာ နှုတ်ဆက်စကားဆိုတတ်ပါသည်၊ လူပုဂ္ဂိုလ်များဖြစ်လျှင် ကစ္စိ နုဘော ခမနီယံ ၀တ “ဘယ်လိုလဲ ကျန်းမာရေး ကောင်းရဲ့လား” ကစ္စိ ဘော ယာပနိယံ ၀တ “ဘယ်လိုလဲ ဣရိယာပုထ် မျှတပါရဲ့လား ဓါတ်ကြီးလေးပါး မျှတပါရဲ့လား “ ရဟန်းတော်များ ဖြစ်လျှင် “ဆွမ်းကွမ်းမျှတပါရဲ့လား တရားအားထုတ်လို့ အဆင်ပြေပါရဲ့လား“ ဟု ဘုရားက ဦးအောင် နှုတ်ခွန်းဆက်တတ်ပါသည်။ ၄င်းကိုပင် ပုဗ္ဗဘာသီဟု ဘုရားကိုဂုဏ်တင်ကြခြင်းဖြစ်ပါသည်။ ထိုသို့ နှုတ်ခွန်းဆက်ပြီးသည်နှင့် တစ်ပြိုင်နက် ဘုရားက တရားစကားပြောပါတော့သည်။ ဘုရားပြောခဲ့သော ထိုတရားစကားများကိုပင် ယခုအခါ၌ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်အဖြစ် မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာသည် တရားဟောခြင်းဖြင့် သာသနာပြုခဲ့ပါသည်။ ဆုံးမ သြ၀ါဒပေးသောအားဖြင့် သာသနာပြုခဲ့ပါသည်။ ပုစ္ဆာ (ပြဿနာ)များ ဖြေကြားသောအားဖြင့် သာသနာပြုခဲ့ပါသည်။ စည်းရုံးရေးဆင်းသောအားဖြင့် သာသနာပြုခဲ့ပါသည်။ ရုပ်ပြရုံသက်သက်ဖြင့် ဘုရားပွင့်လာခြင်းမဟုတ်ပါ။ ဘုရားထက် ရုပ်လှသူ တစ်ယောက်မျှမရှိပါ။ ရုပ်ပြသာသနာ ပြုမည်ဆိုလျှင်လည်း မည်သူမျှ မဂ် ဖိုလ် နိဗ္ဗာန် ရောက်ကြမည် မဟုတ်ပါ။ တရားတော်များလည်းကျန်ခဲ့ကြမည်မဟုတ်ပါ။ သူ၏သာဝကများအားလည်း သူလိုပင် သာသနာပြုစေချင်ခဲ့ပါသည်။ “စရထ ဘိက္ခဝေ စာရိကံ- ရဟန်းတို့ခရီးထွက်ကြ“ “ဒေသေထ ဘိက္ခဝေ ဓမ္မံ- ရဟန်းတို့ တရားဟောကြ“၊ “မာ ဧကေန မဂ္ဂေန ဒွေ အဂမိတ္ထ- ခရီးတစ်ခုတည်းမှာ နှစ်ပါးမသွားကြလင့်“ ဟု မိန့်ဆိုခဲ့သည်ကို ထောက်က သိနိုင်ပါသည်။
ယခုခေတ် ယခုအခါ၌ ဆွမ်းခံ ကိုယ်တော်လေးများသည် ဆွမ်းခံအိမ်တွင် ငူငူကြီးထိုင်နေတတ်ပါသည်၊ စကားပြောရကောင်းမှန်း မသိကြပါ၊ စကားပြောသူများမှာလည်း တရားစကားပြောသူနည်းလှပါသည်၊ ဘာသာရေး၊ သာသနာရေး လုံးဝမပြောဘဲ၊ ချဲဂဏန်း ပေးသူကပေး၊ ဘောလုံးစကားပြောသူက ပြောနှင့် ဒကာ ဒကာမများမှာ သံဃာကို ဆည်းကပ်ရကျိုး မနပ်ကြပါ။
ဘုရားရှင်ပွင့်လာသည်မှာ ဘ၀အမှောင်ထုကို ဖြိုခွင်းပြီး ဘ၀အလင်းရောင်ကို ဆောင်ကြဉ်းဖို့၊ အ၀ိဇ္ဇာတိမ်သလ္လာကို ဖောက်ထွင်းပြီး ၀ိဇ္ဖာ ဥာဏ်အလင်းကို ဆောင်းကြဉ်းဖို့ ဖြစ်ပါသည်။ သို့ဖြစ်၍ ဘုရားအလိုကျ ဆွမ်းဒကာ/မ များကို ဆွမ်းခံရင်း သာသနာပြုတတ်ဖို့ လိုပါသည်၊ နေ့စဉ် မြင်တွေ့နေကျ ဒကာ/မ များကို ပုဂ္ဂိုလ်အားဖြင့် ရင်းနှီးစေမည်၊ တရားစကားဖြင့် ဆုံမ ပဲ့ပြင်မည်ဆိုလျှင် ဆွမ်းခံရင်း သာသနာပြုရာရောက်ပါသည်။ တရားစာအုပ်များ လက်ဆင့်ကမ်းခြင်း၊ ထိုစာအုပ်လာ တရားစကားများကို ဆွေးနွေးခြင်း၊ တိပ်ခွေများ လက်ဆင့်ကမ်းခြင်း၊ ထိုတိပ်ခွေလာတရားတော်များကို ဆွေးနွေးခြင်းအားဖြင့်လည်း ဒကာ ဒကာမတို့အား ကိုးကွယ်မှု အဆင့်အတန်း မြှင့်တင်ပေးရာရောက်ပါသည်။ သာသနာတော်ကို လေးလေးနက်နက် ကြည်ညိုတတ်အောင် ဆောင်ရွက်ရာရောက်ပါသည်။ “ဓမ္မသာကစ္ဆာ“-မင်္ဂလာအဖြစ် မင်္ဂလာရှိသော ဆွမ်းခံအိမ်၊ မင်္ဂလာရှိသော ဆွမ်းဒကာ ဒကာမများ၊ မင်္ဂလာရှိသော ဆွမ်းခံကိုယ်တော် အဖြစ် နတ် လူ သာဓုခေါ်နိုင်ကြမည် ဖြစ်ပါသည်။
ရုပ်ပွားတော်လို ပင့်ရာကြွ၊ ထားရာနေ၊ ကပ်တာစား၊ လှူတာယူ၊ အပူဇော်ခံဘ၀ အကြည်ညိုခံဘ၀ဖြင့် သာသနာပြုနေကြပါလျှင် တစ်နေ့သောအခါ ရုပ်ပွားတော်များလိုပင် ပြတိုက်ထဲ ရောက်သွားပေလိမ့်။ ခေါင်းအဖြတ်ခံရပေလိမ့်မည၊် ဆိုသည်ကို ကျွန်ုပ်တို့ ရဟန်းတော်များ သတိကြီးမားဖို့ လိုအပ်လှပါ၏။




